စပိန်ရဲတွေက အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးဖြင့် ဘောလုံးဒိုင်ရုံးချုပ်ကို ဝင်ရောက်ရှာဖွေ

By AFP
28 September 2023
စပိန်ရဲတွေက အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးဖြင့် ဘောလုံးဒိုင်ရုံးချုပ်ကို ဝင်ရောက်ရှာဖွေ

စပိန်ရှိ ရဲတပ်ဖွဲ့ဟာ တာဝန်ရှိသူဟောင်းတဦးပိုင်ဆိုင်တဲ့ ကုမ္ပဏီတခုထံ လာလီဂါကလပ်အသင်းကြီးတသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းမှ ပေးချေမှုတွေကို စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်းအဖြစ် နိုင်ငံဘောလုံးဒိုင်ကော်မတီရုံးချုပ်ကို ကြာသပတေးနေ့မှာ ရှာဖွေခဲ့ပါတယ်။

ကလပ်အသင်းက ၂၀၀၁ မှ ၂၀၁၈ ကြားမှာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေအပေါ် လွှမ်းမိုးဖို့ ကြိုးပမ်းတဲ့အနေနဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဒိုင်လူကြီးများကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဟိုဆေး မာရီယာအင်းနရစ် နီဂရီယာရဲ့ ကုမ္ပဏီကို ယူရိုသန်းပေါင်းများစွာ ပေးချေခဲ့တယ်လို့ အစိုးရရှေ့နေတွေက သံသယရှိနေကြတာပါ။

ဒီအမှုကို စုံစမ်းစစ်ဆေးနေတဲ့ ဘာစီလိုနာတရားရုံးက နီဂရီယာကို "ကတ်တလန်ကလပ်က လုပ်ဆောင်ခဲ့တဲ့ သံသယရှိဖွယ် ငွေပေးချေမှုတွေကို စုံစမ်းစစ်ဆေးမှုရဲ့ တစိတ်တပိုင်းအနေနဲ့" ဌာနချုပ်ကို ရှာဖွေဖို့ ကြာသပတေးနေ့မှာ အမိန့်ပေးခဲ့တယ်လို့ ဒေသဆိုင်ရာတရားရုံး ကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ချက်မှာ ပြောပါတယ်။

မက်ဒရစ်မြို့ဆင်ခြေဖုံးရှိ လာ့စ်ရိုဇက်စ်ရှိ စပိန်ဘောလုံးအဖွဲ့ချုပ်ရုံးချုပ်မှာ တည်ရှိတဲ့ ကော်မတီကို ရှာဖွေနေတဲ့ ဂါဒီယာအရပ်ဘက်ရဲတပ်ဖွဲ့ဟာ စစ်ဆေးရေးလှုပ်ရှားမှုရဲ့ တစိတ်တပိုင်းအနေနဲ့ မည်သည့်ဖမ်းဆီးမှုမဆို မမျှော်လင့်ထားကြောင်း ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

စပိန်အစိုးရရှေ့နေတွေဟာ ဘာစီလိုနာအပြင် ကလပ်ရဲ့ ဥက္ကဋ္ဌဟောင်းနှစ်ဦးဖြစ်တဲ့ ဂျိုးဇက်မာရီယာ ဘာတိုမြူနဲ့ ဆန်ဒရိုရိုဆဲလ်၊ နီဂရီရာနဲ့ ၎င်းရဲ့သားဖြစ်သူ ဂျာဗီယာ အန်ရီကွတ်ဇ်နီဂရီရာတို့ကိုလည်း အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အကျင့်ပျက်ခြစားမှုနဲ့ မတ်လက တရားစွဲဆိုခဲ့ပါတယ်။

၁၉၉၄ မှ ၂၀၁၈ အတွင်း စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဒိုင်ကော်မတီ ဒုတိယဥက္ကဋ္ဌဟောင်း နီဂရီရာကို ဘာကာက စုစုပေါင်း ယူရို ၇.၃ သန်းကျော် ပေးချေခဲ့တယ်လို့ ၎င်းတို့က စွပ်စွဲထားပါတယ်။

နီဂရီရာပိုင်ဆိုင်တဲ့ Dasnil 95 ကုမ္ပဏီမှ ၂၀၁၆ နဲ့ ၂၀၁၈ အကြား အခွန်ပေးဆောင်မှုတွေမှာ မမှန်မကန်မှုတွေကို စပိန်အခွန်အာဏာပိုင်တွေက ဖော်ထုတ်ပြီးနောက် စုံစမ်းစစ်ဆေးမှု စတင်ခဲ့တာပါ။

Dasnil 95 ဟာ အဲဒီနှစ်တွေအတွင်း ဘာစီလိုနာထံမှ ငွေပေးချေမှုတွေ လက်ခံရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒိုင်လူကြီးတွေ့နဲ့ ပတ်သက်တဲ့ အကြောင်းအရာများဆိုင်ရာအပေါ် ကလပ်ကို အကြံဉာဏ်တွေပေးဖို့အတွက် Dasnil 95 ကို အခကြေးငွေပေးခဲ့တယ်လို့ ဘာစီလိုနာက ပြောကြားပေမယ့် အစိုးရရှေ့နေတွေက ဒီငွေကြေးတွေက ပွဲတာဝန်ရှိတွေကို အကျင့်ပျက်ခြစားမှုတွေအတွက် အသုံးပြုနိုင်တယ်လို့ သံသယရှိနေကြပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required