ဗီယက်နမ်တရားရုံးက ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူကို အခွန်ရှောင်မှုအတွက် ထောင်ဒဏ်ချမှတ်

By AFP
28 September 2023
ဗီယက်နမ်တရားရုံးက ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူကို အခွန်ရှောင်မှုအတွက် ထောင်ဒဏ်ချမှတ်

ဗီယက်နမ်နိုင်ငံတွင် ရာသီဥတုအရေး ဦးဆောင် တက်ကြွလှုပ်ရှားသူတဦးကို အခွန်ရှောင်တိမ်းမှု စွဲချက်ဖြင့် တရားရုံးတခုက စက်တင်ဘာ ၂၈ ရက်တွင် ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်ရာ ထို ပြစ်ဒဏ်သည် “တရားမျှတမှုမရှိ” ကြောင်း တက်ကြွလှုပ်ရှားသူ၏ မိသားစုက ဝေဖန်ပြစ်တင်သည်။

လက်ရှိတွင် ဗီယက်နမ် ကွန်မြူနစ်အာဏာပိုင်တို့သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူများအပေါ် ဖြိုခွင်းနှိမ်နင်းမှုတရပ် အရှိန်မြှင့်လုပ်ဆောင်နေသည်။

အမျိုးသမီးတက်ကြွလှုပ်ရှားသူတဦးဖြစ်သည့် ဟောင်သီမင်ဟ်ဟုန်ကို သူမ၏ သဘာဝပတ်ဝန်းကျင် အရေး လှုပ်ရှားမှုအဖွဲ့ (CHANGE) နှင့် ဆက်နွယ်ပတ်သက်သည့် အခွန်ငွေ ဒေါ်လာ ၂၇၅,၀၀၀ ကို တိမ်းရှောင်မှုအတွက် ဟိုချီမင်းစီးတီးရှိ တရားရုံးတခုက ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အသက် ၅၀ နှစ်အရွယ် တက်ကြွလှုပ်ရှားသူသည် နိုင်ငံတွင် ပြီးခဲ့သည့် နှစ်နှစ်အတွင်း အခွန်ရှောင်မှု စွဲချက်များဖြင့် ထောင်ဒဏ်ချမှတ်ခံရသည့် ငါးဦးမြောက် သဘာဝပတ်ဝန်းကျင်နှင့် ဥတုရာသီအရေး တက်ကြွလှုပ်ရှားသူတဦးလည်း ဖြစ်သည်။

ဗီယက်နမ်၏ အာဏာရှင်ဆန်သော အစိုးရက ကာဘွန်ထုတ်လွှတ်မှုများ လျှော့ချရေး ကြိုးပမ်းမှုများကို ကျယ်ကျယ်လောင်လောင် ပြောဆိုရန် ကြိုးပမ်းနေသော်ငြား ယခုကဲ့သို့ တက်ကြွလှုပ်ရှားသူများအပေါ် ပြစ်ဒဏ်ချမှတ်မှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

ယခုကိစ္စတွင် တရားရုံးက ထောင်ဒဏ်အပြင် ဒဏ်ငွေ ဗီယက်နမ်ဒေါင် သန်း ၁၀၀ (ဒေါ်လာ ၄,၀၀၀) ကိုလည်း ချမှတ်ခဲ့သေးကြောင်း တက်ကြွလှုပ်ရှားသူ ဟောင်သီမင်ဟ်ဟုန်၏ ရှေ့နေ ငုရင် ဗန်တူက အေအက်ဖ်ပီကို ပြောသည်။

ယခု တရားရုံး ဆုံးဖြတ်ချက်ကြောင့် စိတ်ပျက်ရကြောင်း ဟုန်၏ ခင်ပွန်းဖြစ်သူ ဟောင်ဗင်နမ်က အေအက်ဖ်ပီကို ပြောသည်။

“ဒီနေ့မှာ ဟုန်ကို ချမှတ်လိုက်တဲ့ ပြစ်ဒဏ်က တော့်တော်ကို ကြီးလေးပါတယ်” ဟု သူက ပြောသည်။
“ဒါက ဟုန်အတွက် မတရားဘူးလို့ ထင်တယ်။ ကျွန်တော်တို့ ရှေ့နေဘက်က အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် သူ့ရဲ့ လျှောက်လဲတင်ပြချက်တွေကို တရားရုံးက ကျကျနန စဉ်းစားမပေးခဲ့ပါဘူး”
စွဲချက်များသည် ၂၀၁၂ နှင့် ၂၀၂၂ အကြား CHANGE အဖွဲ့ ဖြစ်ထွန်းရရှိခဲ့သည့် ဝင်ငွေများနှင့် သက်ဆိုင်ကြောင်း စွဲဆိုချက်ကို ကိုးကားပြီး နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

ဟုန်က စွဲချက်များကို ဝန်ခံခဲ့ကြောင်းနှင့် သက်ညှာခွင့်အတွက် သူမ၏ မိသားစုနှင့်အတူ နိုင်ငံတော်ထံ ဒေါင်ငွေ ၃ ဒသမ ၅ ဘီလီယံ ပေးအပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

ဟုန်သည် ရာသီဥတု ပြောင်းလဲမှု၊ တရားမဝင် တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုနှင့် လေထုညစ်ညမ်းမှု အပါအဝင် အရေးတကြီး သဘာဝပတ်ဝန်းကျင် အရေးကိစ္စများနှင်ပတ်သက်ပြီး အရေးတယူ ဆောင်ရွက်ရန် အထူးသဖြင့် လူငယ်ထု အပါအဝင် ဗီယက်နမ်နိုင်ငံသားများကို ဆော်ဩစည်းရုံးရန် CHANGE အဖွဲ့ကို ထူထောင်ခဲ့သည်။

သို့သော် သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ လေးဦး အခွန်ရှောင်မှုဖြင့် ထောင်ဒဏ်များ ချမှတ်ခံရပြီးနောက် ဟုန်သည် ယမန်နှစ်က အဖွဲ့ကို ရုတ်ခြည်း ပိတ်သိမ်းခဲ့သည်။

Vietnam court jails climate activist for tax evasion
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required