ဗီယက်နမ်တွင် မူးယစ်ဆေးဝါး မှောင်ခိုတင်သွင်းသည့် ကမ္ဘောဒီးယားနိုင်ငံသားကို သေဒဏ်ချမှတ်

By VN Express
30 September 2023
ဗီယက်နမ်တွင် မူးယစ်ဆေးဝါး မှောင်ခိုတင်သွင်းသည့် ကမ္ဘောဒီးယားနိုင်ငံသားကို သေဒဏ်ချမှတ်
Sbov Proeurn၊ Nguyen Ngoc Hai နှင့် Dang Ngoc Quy တို့သည် Binh Phuoc ပြည်သူ့တရားရုံးရှေ့တွင် စက်တင်ဘာ ၂၈၊ ၂၀၂၃ရက်နေ့၌ ရပ်နေစဉ်။  Photo by VnExpress/Van Tram

ဗီယက်နမ်နိုင်ငံတွင်းသို့ ဘိန်းဖြူနှင့် မက်သာဖီတမင်း မူးယစ်ဆေး ၃၁ ကီလိုဂရမ် မှောင်ခိုတင်သွင်းခြင်းအတွက် တောင်ပိုင်း ဘင်ဖျူအော့ပြည်နယ်တွင် ကမ္ဘောဒီးယားနိုင်ငံသားတဦးနှင့် ဗီယက်နမ်နိုင်ငံသားနှစ်ဦးကို သေဒဏ်အပြစ်ဒဏ် ချမှတ်သည်။

၎င်းတို့ သုံးဦးအား ပြည်နယ် ပြည်သူ့တရားရုံးတွင် မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးမှုအတွက် ကြာသပတေးနေ့က သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့အနက်မှ ဟိုင်ဆိုသည့် ဗီယက်နမ်နိုင်ငံသားကို စစ်လက်နက်ပစ္စည်းများ ခိုးယူမှုဖြင့်လည်း စွဲဆိုထားသည်။

ပြီးခဲ့သည့် နှစ် မတ် ၂၆ ရက်၌ အမည်မသိရသော ကမ္ဘောဒီးယားနိုင်ငံသားတဦးသည် ယခု သေဒဏ်ချခံရသော စဘော့ဆိုသူအား ကမ္ဘောဒီးယားမှ ဗီယက်နမ်သို့ မူးယစ်ဆေးဝါးများ သယ်ပို့ပေးရန် တကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၂၀၀ ဖြင့် ငှားရမ်းစေခိုင်းခဲ့ခြင်း ဖြစ်ကြောင်း စွဲချက်အရ သိရသည်။

သုံးလအကြာတွင် စဘော့သည် ဘောင်းခမမ်ပြည်နယ်ရှိ ဈေးတခုသို့ ဆိုင်ကယ်ဖြင့် သွားရောက်ကာ အမည်မသိလူတဦးထံမှ မူးယစ်ဆေးဝါးများ ပါရှိသော ၂၀ လီတာ ပလတ်စတစ်ဘူးနှစ်ဘူးနှင့် ပလတ်စတစ်အိတ်တအိတ်ကို ယူဆောင်၍ ဘင်ဖျူအော့ပြည်နယ်သို့ ပြန်လာခဲ့ခြင်း ဖြစ်သည်။

ယင်းနောက်၌ စဘော့သည် ဟိုင်အား မူးယစ်ဆေး တကီလိုဂရမ်လျှင် ဒေါ်လာ ၁၅၀ ပေးပြီး နယ်စပ်ဖြတ်ကာ ဗီယက်နမ်နိုင်ငံထဲ တင်သွင်းရန် ငှားရမ်းခဲ့သည်။ ဟိုင်က ထို မူးယစ်ဆေးများကို ဗီယက်နမ်ဒေါ်လာ ၁၅ သန်း (အမေရိကန်ဒေါ်လာ ၆၁၆ ဒသမ ၆၂ ဒေါ်လာ) ဖြင့် လူသုံးဦးထံ သွားပို့ရန် ကွေ့ဆိုသူအား ငှားရမ်းခဲ့ပြန်သည်။

၂၀၂၂ ဇူလိုင် ၂ ရက်နှင့် ဇူလိုင် ၅ ရက်တို့တွင် စဘော့သည် မူးယစ်ဆေးဝါးများ ပို၍ လက်ခံရရှိပြီး နယ်စပ်သို့ တင်ပို့ခဲ့သည်။ ကွေ့က ယင်းမူးယစ်ဆေးများကို နယ်စပ်၌ လက်ခံပြီး ဟိုချီမင်းမြို့သို့ တင်ပို့ခြင်း ဖြစ်သည်။

ဘင်လောင်းမြို့ အဝေးပြေးလမ်း အပိုင်း ၁၃ ၌ ကွေ့အား ရဲတပ်ဖွဲ့က ဘိန်းဖြူနှင့် မက်သာဖီတမင်း ၃၁ ကီလိုဂရမ်နှင့်အတူ ဖမ်းဆီးမိခြင်း ဖြစ်သည်။

စုံစမ်းစစ်ဆေးမှုများအရ စဘော့နှင့် ဟိုင်တို့အား ဆက်လက်ဖမ်းဆီးနိုင်ပြီး ယင်းသို့ ဖမ်းဆီးမိရာတွင် သေနတ်နှစ်လက်၊ ကျည်ခြောက်တောင့်နှင့် မူးယစ်ဆေး တကီလိုဂရမ်ကိုပါ လက်ရဖမ်းမိသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required