ထောင်ဝင်စာပို့ခွင့် ကန့်သတ်ထား၍ အကျဉ်းသားများ စားရေးသောက်ရေး အခက်အခဲဖြစ်နေ

By 001 (မဇ္ဈိမ)
25 September 2023
ထောင်ဝင်စာပို့ခွင့် ကန့်သတ်ထား၍ အကျဉ်းသားများ စားရေးသောက်ရေး အခက်အခဲဖြစ်နေ

စစ်ကောင်စီက အကျဉ်းထောင်များတွင် ထောင်ဝင်စာပါဆယ်ပို့ခွင့်ပမာဏ ကန့်သတ်ထားသည့်အတွက် အကျဉ်းသားများ စားရေးသောက်ရေးအတွက် အခက်အခဲဖြစ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPN)က  ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင်လက အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းအနားပေးခံရပြီး ၎င်း၏ နေရာတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဦးမျိုးဆွေဆိုသူကို အစားထိုးခန့်အပ်ပြီးနောက်ပိုင်း အကျဉ်းထောင်များတွင် ဖိနှိပ်မှုများ ပိုမိုပြုလုပ်လာခြင်းဖြစ်ကြောင်း PPNတာဝန်ရှိသူ ဦးသိုက်ထွန်းဦးကပြောသည်။

“အရင်တုန်းကဆိုရင် အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း မိသားစုကပို့တဲ့ထောင်ဝင်စာကို လက်ခံပေးတယ်။ ထောင်ကလည်း သူတို့ရဲ့ စရိတ်လည်း သက်သာတယ်။ သူတို့လည်း အမြဲတမ်းကြီး မကျွေးနိုင်တာဖြစ်တဲ့အတွက် လက်ခံခဲ့တယ်။ အခုကျတော့ လူပြောင်းပြီးနောက်ပိုင်းမှာမှ ဖိနှိပ်မှုတရပ်အနေနဲ့ အကျဉ်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာအရရော၊ အပြင်က မိသားစုရော တိုက်ရိုက်ထိခိုက်တာပေါ့”ဟု ဦးသိုက်ထွန်းဦးက ပြောသည်။

လက်ရှိတွင် အင်းစိန်ထောင်၊ အိုးဘိုထောင်၊ သာယာဝတီထောင်၊ မုံရွာ​ထောင်နှင့် ဒိုက်ဦးထောင်အပါအဝင် အကျဉ်းထောင် ၂၄ ခုတွင် ထောင်ဝင်စာပို့ခွင့် ကန့်သတ်ခံနေရသည်ဟု PPNက ယမန်နေ့ စက်တင်ဘာလ ၂၄ ရက်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ကျန်ရှိနေ‌သေးသော ထောင်ဝင်စာကန့်သတ်ခံနေရသည့် အကျဉ်းထောင်များ၏စာရင်းကိုလည်း ဆက်လက်စုံစမ်းနေဆဲဟုဆိုသည်။

" ထောင်က ကျွေးသည့် အစားအသောက်မှာ
တပတ်(နေ့/ည ဆယ့်လေးနှပ်စာ)အတွက် အသားဟင်းလေးတုံးသာ ရရှိပါသည်။ထိုဟင်းလေးတုံးမှာ နှစ်ရက်စာအတွက်သာ စားဖို့လုံလောက်သဖြင့် ကျန်ရှိနေသော နေ့ရက်များစားသောက်နိုင်ရန်အတွက် မိသားစုများထံမှပေးပို့လာသည့် ထောင်ဝင်စာများအပေါ်မီခိုစားသောက်နေထိုင်ကြရပါသည်"ဟု PPN က အသိပေးထားသည်။

ထောင်ဝင်စာပို့ခွင့်ကို ၁၅ ရက်တကြိမ်သာ အကျဥ်း​ထောင်ဘက်က  ခွင့်ပြုထားပြီး ကော်ဖီမစ်ခုနှစ်ထုပ်၊ ဟင်းသုံးမျိုး(ခေါက်ဆွဲထုတ်ပေးမည်ဆိုပါက ဟင်းနှစ်မျိုး)နှင့်  မုန့်နှစ်ထုပ်သာ ခွင့်ပြုပေးထားသဖြင့် စားသောက်ရန် မလောက်ငှ​သော​ကြောင့် အခက်အခဲဖြစ်ရကြောင်း  အကျဉ်းသားမိသားစုဝင်တဦးကပြောသည်။

“ဆေးကပို့လို့တော့ရတယ်။ ကြာတယ်။ အခုက ဟင်းတွေက မလောက်တော့ ဘယ်လိုလုပ်နေလဲဆိုတော့ သူတို့အထဲမှာ ဟင်းလစာပေးစား လုပ်နေတယ်။ ဟင်းတွေကို လစာနဲ့ပေးစားတာပေါ့လေ။ သူတို့ထောင်ဝန်ထမ်းတွေပဲချက်တာလေ။ အပြင်ကပို့တာကျတော့ ကန့်သတ်လိုက်တော့ သုံးမျိုးတည်းဆိုတော့ မလောက်ဘူးလေ။ သူတို့အထဲမှာဈေးရောင်းနေတယ်။ ဟင်းလစာပေးစားတော့ အန်တီတို့ဘက်ကျတော့ အဆင်မပြေဘူးလေ”ဟု ဆိုသည်။

ယခုလုပ်ရပ်သည် စစ်ကောင်စီက အကျဉ်းသားများနှင့် မိသားစုဝင်များကို စိတ်ပိုင်းဆိုင်ရာအရ ဒုက္ခပေးနေခြင်းဖြစ်ကြောင်း PPN က  မှတ်ချက်ပြုထားသည်။ထို့ပြင် ပြီးခဲ့သည့် တပတ်ခန့်မှစပြီး ဒိုက်ဦး၊ မကွေးနှင့်သာယာဝတီထောင်အပါအဝင် အကျဉ်းထောင်ငါးခုခန့်တွင် နိုင်ငံရေးအကျဉ်းသားများ၏ အသုံးအဆောင်ပစ္စည်းများကို ကန့်သတ်လိုက်ပြီး ထောင်တွင်းထားရှိခွင့်မပေး​တော့သည့်အတွက် အိမ်သို့ပြန်ပို့နေရကြောင်း PPNက ထုတ်ပြန်ထားသည်။ 

အာဏာသိမ်းပြီးနောက်ပိုင်းတွင် မတရားဖမ်းဆီးမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စစ်ကောင်စီက ကျူးလွန်လျက်ရှိရာ ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့အထိ နိုင်ငံတဝှမ်းတွင် မတရားဖမ်းဆီးခံရသူ စုစုပေါင်း ၂၄,၈၃၆ ဦးရှိပြီး ၁၉,၂၆၄ ဦးသည် ထိန်းသိမ်းခံထားရကာ ၇,၃၆၈ ဦးသည်  ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ သတင်းထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း
#mizzima
#အကျဉ်းထောင်
#ပါဆယ်ပို့ခွင့်ကန့်သတ်
#PPN
#AAPP
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required