ရန်ကုန်ကို အဓိကဦးတည်မည့် မြို့ပြအထူးစစ်ဆင်ရေးစတင်တော့မည်ဟု ပြောက်ကျားအဖွဲ့ သတိပေး

By ဂန္ဒမာ (မဇ္ဈိမ)
18 September 2023
ရန်ကုန်ကို အဓိကဦးတည်မည့် မြို့ပြအထူးစစ်ဆင်ရေးစတင်တော့မည်ဟု ပြောက်ကျားအဖွဲ့ သတိပေး

ရန်ကုန်အပါအဝင် မြို့ကြီးများမှ စစ်ကောင်စီပစ်မှတ်များအား တိုက်ခိုက်မည့်  မြို့ပြအထူးစစ်ဆင်ရေးစတင်တော့မည်ဟု Urban Special Operation(U.S.O) က ထုတ်ပြန်သည်။

Urban Special Operation(U.S.O) အမည်ဖြင့် မြို့ပြစစ်ဆင်ရေး ပြုလုပ်မည်ဟု ၎င်းတို့၏ တယ်လီဂရန်ချန်နယ်မှတဆင့် စက်တင်ဘာလ ၁၅ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

"တော်လှန်ရေးအချိန် သုံးနှစ်နီးပါးရှိလာပြီဖြစ်တာ‌ကြောင့် အရှိန်မြှင့်တင်ဖို့ လိုအပ်လာသလို စစ်ရေးပစ်မှတ်တွေလည်း ထိထိရောက်ရောက်နဲ့ ပြုလုပ်ဖို့လိုလာပါပြီ"  Urban Special Operation (U.S.O)သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမ ကို ပြောသည်။

စစ်ဆင်ရေးအား ရန်ကုန်မြို့တွင် အဓိကဖော်ဆောင်မည်ဖြစ်ပြီး နေပြည်တော်၊ ပဲခူးနှင့် မန္တလေးမြို့မှ မြို့ပြပြောက်ကျားအဖွဲ့များနှင့်လည်း ဆွေးနွေးမှုများလုပ်ဆောင်နေသည်ဟု ၎င်းက ပြောသည်။

စစ်ဆင်ရေး‌ဖော်ဆောင်ရန် ပြင်ဆင်ထားမှုအခြေအနေများကို ဖော်ပြတော့မည်မဟုတ်ဘဲ ပြည်သူများက တတ်နိုင်သမျှ ပူးပေါင်းကူညီပေးကြရန် တောင်းဆိုသည်။

"ပြည်သူများအနေနဲ့ လုံလုံခြုံခြုံ ကူညီပေးနိုင်တာဆိုရင်တော့ ရန်သူ့ နဲ့အဝေးမှာနေပါ။ ရန်သူ့စီးပွားရေးနေရာတွေနဲ့ ဝေးဝေးနေပေးခြင်းနဲ့ ကူညီပေးနိုင်ပါတယ်" U.S.O သတင်းပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။

စစ်ဆင်ရေးအားပြုလုပ်ရန် ချိတ်ဆက်ထားသည့်အလှူရှင်များထံမှသာ အလှူငွေလက်ခံသွားမည်ဖြစ်ပြီး ပြင်ပတွင် ထပ်မံကောက်ခံမည်မဟုတ်ကြောင်းလည်း  အသိပေးထားသည်။စစ်ဆင်ရေးမစတင်မီ စစ်ကောင်စီနှင့်လက်အောက်ခံအဖွဲဝင်များအနေဖြင့်  ပြည်သူ့ရင်ခွင်ခိုလှုံရန် U.S.O က  တိုက်တွန်းထားသည်။

Urban Special Operation(U.S.O) အမည်ဖြင့် ပြုလုပ်မည့် ယခုစစ်ဆင်ရေးကို ယခင်က ရန်ကုန်မြို့၌ စစ်ကောင်စီပစ်မှတ်များအား တိုက်ခိုက်ခဲ့သည့် မြို့ပြပြောက်ကျားအဖွဲ့များက ပူးပေါင်းဖော်ဆောင်မည်ဟု တော်လှန်ရေးရဲဘော်အချို့ကပြောသည်။

စာတည်း - အေးချမ်း
#mizzima
#ရန်ကုန်မြို့
#မြို့ပြအထူးစစ်ဆင်ရေး
#U.S.O

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required