တရုတ်ပြည်တွင်းနိုင်ငံရေးမတည်ငြိမ်မှုကြောင့် သမ္မတရှီကျင့်ဖျင် နိုင်ငံခြားခရီးစဉ်များ ဖျက်သိမ်း 

By Strat News Global
06 September 2023
တရုတ်ပြည်တွင်းနိုင်ငံရေးမတည်ငြိမ်မှုကြောင့် သမ္မတရှီကျင့်ဖျင် နိုင်ငံခြားခရီးစဉ်များ ဖျက်သိမ်း 

အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၈ ရက်မှ ၉ ရက်အထိ ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးသို့ တရုတ်သမ္မတ ရှီကျင့်ဖျင် တက် မတက် ထင်ကြေးပေးမှုများမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ တရားဝင်ကြေညာချက်အပြီးတွင် အဆုံးသတ်သွားပြီဖြစ်သည်။ ရှီကျင့်ဖျင်သည် ဂျီ-၂၀ အစည်းအဝေးသာမက အာဆီယံနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးများကိုလည်း တက်ရောက်မည်မဟုတ်ပေ။ 

သို့သော် ရှီသည် ယမန်နှစ် အောက်တိုဘာလကကျင်းပခဲ့သော အကြိမ် ၂၀ မြောက် ပါတီကွန်ဂရက်ဖွင့်ပွဲတွင် အိန္ဒိယနှင့်ဆက်ဆံရေးသည် တိုးတက်လာမည်မဟုတ်ကြောင်းနှင့် BRICS ထိပ်သီးအစည်းအဝေး၏ သီးသန့်တွေ့ဆုံပွဲတွင် အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီနှင့်နယ်စပ်ပြဿနာဖြေရှင်းရေးကို ထိထိရောက်ရောက်ဆွေးနွေးလိုကြောင်း ပြောဆိုထားသောကြောင့် ဂျီ-၂၀ အစည်းအဝေးကို သမ္မတရှီ မတက်ရောက်ခြင်းနှင့် တရုတ်-အိန္ဒိယနယ်စပ်အခြေအနေကို ဆွေးနွေးရန် အခွင့်အရေးကို ရှောင်ရှားခြင်းသည် ရံဖန်ရံဖန် ဖြစ်လာနိုင်သော တိုက်ပွဲများနှင့် တင်းမာမှုကာလအတွက် အိန္ဒိအနေဖြင့် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း ပြသနေသည်။ 

ခြုံငုံကြည့်ပါက ဆုံးရှုံးမည့်သူမှာ တရုတ်ပင်ဖြစ်ပေလိမ့်မည်။ အိန္ဒိယသည် စီစဉ်ထားသည့်အတိုင်း ထိပ်သီးအစည်းအဝေးကို ကျင်းပသွားမည်ဖြစ်ပြီး ရှီကျင့်ဖျင်ကိုယ်စားတက်ရောက်မည့် တရုတ်ဝန်ကြီးချုပ် လီချန်းမှာလည်း အရာရောက်လိမ့်မည်မဟုတ်ပေ။ 

ထို့ပြင် တရုတ်နိုင်ငံသည် နိုင်ငံတကာတွင် အထီးကျန်ဖြစ်နေသော အရှိန်ကို နှေးကွေးစေမည့် အခွင့်အရေးကိုလည်း ဆုံးရှုံးလိမ့်မည်ဖြစ်သလို ဆုတ်ယုတ်ကျဆင်းနေသည့် ပို့ကုန်ဦးဆောင်စီးပွားရေးကို ပြန်လည်အသက်သွင်းနိုင်မည့် အခွင့်အလမ်းနှင့် ၎င်းကိုယ်တိုင်စတင်ခဲ့သော ကမ္ဘာ့လုံခြုံရေးအစီအမံ (GSI)၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု အစီအမံ (GDI) နှင့် ကမ္ဘာ့ယဉ်ကျေးမှုအစီအမံ (GCI) တို့ကို ထောက်ခံမှုရစေမည့် အခွင့်အရေးတို့ကိုလည်းဆုံးရှုံးမည်ဖြစ်သည်။  

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဝန်ကြီးချုပ် သို့မဟုတ် အခြားပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီဝင်များအား အခွင့်အာဏာများ စတင်လွှဲအပ်နေပုံမပေါ်ဘဲ ၎င်း၏ ကျန်းမာရေးဆိုင်ရာ ပြဿနာများ သို့မဟုတ် ပါတီတွင်း ဂိုဏ်းဂဏစွဲများ ပိုမိုပြင်းထန်လာကြောင်း ပြသနေသည်။ 

ထို့ပြင် စီးပွားရေးနှေးကွေးခြင်း၊ အလုပ်လက်မဲ့များလာခြင်း၊ ပါတီဝင်များအတွက် ရှီကျင့်ဖျင်၏ အတွေးအမြင်များကို မသင်မနေရ လေ့လာမှုများ တိုးမြှင့်လုပ်ဆောင်လာခြင်း၊ တင်းကျပ်သောလုံခြုံရေးစည်းမျဉ်းများ ချမှတ်ခြင်း၊ ရုရှားဆိုင်ရာ မူဝါဒများ ချမှတ်ခြင်းနှင့် အမေရိကန်နှင့်ဆက်ဆံရေးကို လွဲမှားစွာ ကိုင်တွယ်ခြင်းအပါအဝင် ရှီကျင့်ဖျင်၏ မူဝါဒများအပေါ် မကျေနပ်မှုများ မြင့်တက်လာသည်။  

တရုတ်ကွန်မြူနစ်ပါတီ (CCP) အဖွဲ့ဝင်များနှင့် လူ့အဖွဲ့အစည်းကဲ့သို့သော အခြားကဏ္ဍများကလည်း ရှီကျင့်ဖျင်မူဝါဒများကို မနှစ်မြို့ကြပေ။ လူမှုမီဒီယာတွင် ရှီကျင့်ဖျင်နှင့် ၎င်း၏မူဝါဒများကို ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်လာပြီး CCP ကေဒါများသည် မူဝါဒအချို့နှင့် ကွဲပြားသည့် ဆောင်းပါးများကိုလည်း ရေးသားခဲ့ကြသည်။ 

တရုတ်စီးပွားရေး စောင့်ကြည့်လေ့လာသူတစ်ဦးက ထူးထူးခြားခြားရေးလာသည့် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့ထုတ် ဝေဖန်ရေး ဆောင်းပါးတစ်ပုဒ်တွင် " ဆန်မရှိတဲ့ မိခင်တွေဟာ သားသမီးတွေကို ချက်မကြွေးနိုင်ပါဘူး” ဟူသော ခေါင်းစဉ်ဖြင့် တရုတ်နိုင်ငံ ပြည်နယ်များ၏ ဆိုးရွားသော စီးပွားရေးအခက်အခဲများကို မီးမောင်းထိုးပြခဲ့သည်။ 

ပြည်နယ်အသီးသီးမှ ဘဏ္ဍာရေးဆိုင်ရာညွှန်ကြားရေးမှူး ၄ ဦးကလည်း ဘဏ္ဍာငွေအလွန်အမင်းနည်းပါးနေကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ လျှော့ချထားကြောင်း သတင်းတိုက်နှင့်တွေ့ဆုံမေးမြန်းစဉ် ဝန်ခံခဲ့သည်။ 

ပိုဆိုးသည်မှာ ဟောင်ကောင်အခြေစိုက် တရုတ်စီးပွားရေးလုပ်ငန်းရှင် လျူမန်ဟောင် ရေးသားပြီး ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့ထုတ်ဝေခဲ့သည့် CCP ကို ထောက်ခံသော စင်္ကာပူသတင်းစာ Lianhe Zaobo ၌ ဖော်ပြခဲ့သည့် ဆောင်းပါးတွင် အမည်ကိုမဖော်ပြဘဲ ရှီကျင့်ဖျင်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကာ တရုတ်ပြင်ပတွင် ဆောင်းပါးဖြန့်ချိခဲ့သည်။  

'တရုတ်နိုင်ငံ၏ စီးပွားရေးပြဿနာများ၏ မူလဇစ်မြစ်မှာ နိုင်ငံရေးပြဿနာများဖြစ်သည်' ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးသားထားသူမှာ CCP အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအကြံပေးအဖွဲ့ ဖြစ်သော ၁၁ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအကြံပေးညီလာခံ (CPPCC) ၏ အဖွဲ့ဝင်လည်းဖြစ်သည်။ 

ထိုဆောင်းပါးများ ဖြန့်ချိလာခြင်းသည် ရှီကျင့်ဖျင်ကို ဆန့်ကျင်သော CCP အတွင်း အုပ်စုကွဲများ ပေါ်ပေါက်လာခြင်း၊ သို့မဟုတ် အားကောင်းလာခြင်းကို ထောက်ပြသည်။ 

နိုင်ငံခြားရေးဝန်ကြီးဟောင်း ကျင်ဂန်း လူမြင်ကွင်းမှ ပျောက်ကွယ်သွားခြင်း၊ တရုတ်စစ်တပ် (PLA) ဒုံးပျံတပ်ဖွဲ့မှ အကြီးတန်းတပ်မှူးများကို ဖယ်ရှားခြင်းနှင့် ရှီကျင့်ဖျင်နှင့်  လုံခြုံရေးအကြီးအကဲ ချန်ဝမ်ချင်းတို့ ရှင်ကျန်းနှင့် ကန်းစုပြည်နယ်များသို့ သွားစဉ်  မိန့်ခွန်းများ၌ တည်ငြိမ်မှုဟူသော စကားလုံးကို ထပ်တလဲလဲပြောဆိုခြင်းများကလည်း ပြည်တွင်းမငြိမ်သက်မှုများကို ညွှန်ပြနေသည်။  

ရှီတွင် ဆိုးရွားသောကျန်းမာရေးပြဿနာများ မရှိပါက CCP နှင့် နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုများကြောင့် ရှီကျင့်ဖျင်အနေဖြင့် တရုတ်နိုင်ငံအတွင်း ရှိနေရန် လိုအပ်ခြင်းကြောင့် ဖြစ်နိုင်ပေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required