လုံခြုံရေးအရ အသက်အန္တရာယ်အာမခံချက်မရှိတဲ့အတွက် စစ်ဘေးရှောင်များ နေရပ်မပြန်ကြဖို့ ချင်းလူမှုအဖွဲ့အစည်းများက တိုက်တွန်း

By Spring
05 September 2023
လုံခြုံရေးအရ အသက်အန္တရာယ်အာမခံချက်မရှိတဲ့အတွက် စစ်ဘေးရှောင်များ နေရပ်မပြန်ကြဖို့ ချင်းလူမှုအဖွဲ့အစည်းများက တိုက်တွန်း

အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ်ရှိ စစ်ဘေးရှောင်များအနေဖြင့် ဆက်လက်ရပ်တည်နိုင်ရန်အတွက် ခက်ခဲခြင်းကြောင့် နေရပ်ပြန်ဖို့ စီစဉ်နေကြသော်လည်း ပြည်တွင်းမှာတိုက်ပွဲများကြောင့် လုံခြုံရေးအရ အသက်အန္တရာယ်အာမခံချက်မရှိသည့်အတွက် စစ်ဘေးရှောင်များအနေဖြင့် ပြန်လည်သုံးသပ်ကြရန် ချင်းလူမှုအဖွဲ့အစည်းများက တိုက်တွန်းပြောကြားသည်။

ချင်းပြည်နယ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန် မှုများကြောင့် နေရပ်မပြန်ကြရန် တိုက်တွန်းထားခြင်းဖြစ်သည်။

စစ်ဘေးရှောင်စဉ်ကာလအတွင်း နေထိုင်စားသောက်ရန် ခက်ခဲလာခြင်း၊ မိမိနေရပ်ရှိ ပိုင်ဆိုင်မှုပစ္စည်းများကို စောင့်ရှောက်မည့်သူမရှိခြင်းနှင့် နေရပ်ဒေသကို လွမ်းဆွတ်ခြင်းတို့ကြောင့် ချင်းပြည်နယ်၊ မတူပီမြို့နယ်မှ စစ်ဘေးရှောင်တချို့သည် တိုက်ပွဲပြင်းထန်နေသည့်ကြားမှ နေရပ်ပြန်ရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီက ဖြတ်လေးဖြတ်ကို ကျင့်သုံး၍ ရိက္ခာများ၊ လူသုံးကုန်ပစ္စည်းများ၊ ဆက်သွယ်ရေးလမ်းကြောင်းများကို အကုန်ပိတ်ပင်ခဲ့ပြီး နေရပ်ပြန်မည့် စစ်ဘေးရှောင်များအနေဖြင့် စားဝတ်နေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပြည်တွင်း၊ ပြည်ပနှင့် အဆက်အသွယ်ပြုလုပ်ရန်နှင့် အခြားအခက်အခဲမျိုးစုံကိုလည်း ရင်ဆိုင်ကြုံတွေ့နိုင်သည်ဟု ချင်းလူမှုအဖွဲ့အစည်းများက ပြောသည်။

အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေကြ‌သော မြန်မာစစ်ဘေးရှောင်ပြည်သူများကို အန္ဒိယအစိုးရက စစ်ဘေးရှောင် ပြည်သူအဖြစ် တရားဝင်အသိအမှတ်မပြုသည့်အတွက် အိန္ဒိယအစိုးရထံမှ မည်သည့်အကူအညီမှ မရရှိကြောင်းသိရပြီး စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေသော မီဇိုးရမ်အစိုးရနှင့်NGO/INGO အဖွဲ့စည်းများထံကလည်း ထောက်ပံ့မှုနည်းပါးလာကြောင်းသိရသည်။

အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ်၊ မဏိပူရ်ပြည်နယ်နှင့် နယူးဒေလီတို့တွင် ချင်းစစ်ဘေးရှောင်စုစုပေါင်း ခြောက်သောင်းကျော်ရှိကြောင်းချင်းလူ့အခွင့်အရေးအဖွဲ့အစည်း၏ စစ်တမ်းကောက်ချက်အရ သိရသည်။

မြန်မာနိုင်ငံသည် အိန္ဒိယအရှေ့မြောက်ပိုင်းဒေသ အရူးနားချဲပရာဒရှ်၊ နာဂ၊ မဏိပူနှင့် မီဇိုရမ်ပြည်နယ်တို့နှင့် နယ်မြေချင်း ထိစပ်နေပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် အိန္ဒိယဘက်တွင် မြန်မာအများအပြား ခိုလှုံနေခြင်းဖြစ်သည်။

ချင်းဒေသနှင့် နယ်မြေထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင်မူ ဒုက္ခသည် အများဆုံး ခိုလှုံခွင့် ရရှိထားသလို ပြည်နယ်အစိုးရက ထုတ်ပေးထားသည့် ဒုက္ခသည်ကတ်အရ ဆေးကုသခွင့်နှင့် လွတ်လပ်စွာ သွားလာခွင့် ရှိသည်။ 

မဏိပူရ်ပြည်နယ်တွင်မူ မြန်မာစစ်ဘေးရှောင် ထောင်ချီ တိမ်းရှောင်နေသော်လည်း ပြည်နယ်အစိုးရက အသိမှတ်မပြုသည့်အပြင် ရှောင်တစ်ခင်စစ်ဆေးကာ ဖမ်းဆီးမှုများပြုလုပ်နေသည်။

ပြီးခဲ့တဲ့ မေလအစောပိုင်းကစလို့ မဏိပူရ်ပြည်နယ်ထဲမှာနေထိုင်သည့် ကူကီးချင်းလူမျိုးစုတွေနှင့် ဒေသခံတွေအကြား  လူမျိုးရေးပဋိပက္ခဖြစ်ပြီး နေအိမ်နဲ့ ဘုရားကျောင်းတွေ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့အတွက် လူဦးရေ ၅၀၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

လူမျိုးရေးပဋိပက္ခကြောင့် ဖြစ်ပေါ်လာတဲ့ စိုးရိမ်ဖွယ်ရာ လုံခြုံရေးအခြေအနေတွေကို ကိုင်တွယ်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တိုက်ခိုက်ရေးဆိုင်ရာ ရဲမှူးကြီးတစ်ဦးကို မဏိပူရ်ပြည်နယ်အစိုးရက ခန့်အပ်လိုက်တယ်လို့ လည်း အိန္ဒိယသတင်းတစ်ခုမှာ ဖော်ပြထားပါတယ်။

#politicalnews
#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required