ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီရေယာဥ်များ တိုက်ခိုက်ခံရ

By ပါခွီး (မဇ္စျိမ)
03 September 2023
ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီရေယာဥ်များ တိုက်ခိုက်ခံရ

ဧရာဝတီမြစ်အတွင်းမှ ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် ဆန်တက်လာသည့် စစ်ကောင်စီရေယာဥ်များကို လက်နက်ကြီးငယ်များဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း Chindwin Fighter Group (CFG) ထံကသိရသည်။

လက်နက်ခဲယမ်းများနှင့် ရိက္ခာများတင်ဆောင်လာသော စစ်ကောင်စီတပ် ရေယာဥ် ၁၁ စီးကို မုံရွာမြို့နှင့် အမြင့်လမ်းပိုင်း ချင်းတွင်းမြစ်ကြောင်းတစ်နေရာတွင် စက်တင်ဘာလ ၂ရက် နေ့လယ် ၃နာရီအချိန်တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“မော်တော်တွေနဲ့ ကမ်းနဲ့က မီတာ ၂၀၀လောက်ပဲရှိမယ် ။  ကျနော်တို့ လက်နက်ကြီး ၊ ငယ်တွေ မက စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တာပါ” ဟု CFG အဖွဲ့ တာဝန်ရှိသူက မဇ္စျိမ ကိုပြောသည်။

အဆိုပါ ရေယာဥ်များ၏ နောက်ဆုံး နှစ်စီးအား ရှေ့ထွက်မိုင်းများ ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ရေယာဥ်တစ်စီး မီးလောင်ပြီး စစ်ကောင်စီတပ်သား လေးဦး သေဆုံးကြောင်း သတင်းရရှိသော်လည်း အတည်ပြုနိုင်ရန် ဆက်လက် စုံစမ်းလျက်ရှိကြောင်း ၎င်းကဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို Chindwin Fighter Group (CFG) နှင့် ဗန္ဓုလနှင့် အဖွဲ့သား များ LPDF တို့ ပူးပေါင်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ရေယာဥ်ပေါ်ရှိ စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်သဖြင့် ကာကွယ်ရေးရဲဘော် တဦး ကျည်ရှပ်ထိပြီး မစိုးရိမ်ရဒဏ်ရ ရသည်မှအပ ကျန်ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၁၂ရက်နေ့ကလည်း ဆားလင်းကြီးမှ ပေါင်းဝကျေးရွာသို့ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မုံရွာ အုန်းပင်ဆိပ်မှ လာရောက်ခေါ်ဆောင်သော စစ်ကောင်စီ ရေယာဥ်တစီးကို နှစ်နေရာ ခွဲ၍ Chindwin Fighter Group  နှင့် မဟာမိတ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly