ကျောက်ဖြူ SEZ ကို ကန့်ကွက်ကြောင်း ဒေသခံအဖွဲ့အစည်းများမှ ကြေညာချက်ထုတ်ပြန်

ကျောက်ဖြူ SEZ ကို ကန့်ကွက်ကြောင်း ဒေသခံအဖွဲ့အစည်းများမှ ကြေညာချက်ထုတ်ပြန်
၂၀၁၆ ဧပြီ ရ-၈ ရက်များတွင်ပြုလုပ်ခဲ့သည့် ကျောက်ဖြူဒေသဖွံ့ဖြိုးရေးအဖွဲ့ နှစ်ပတ်လည်အစည်းအဝေး (ဓာတ်ပုံ - ကျော်မင်း)

စစ်တွေ၊ ဧပြီ ၉ ရက် ။               ။ အမေရိကန် ဒေါ်လာ ၉ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာ ဒေသခံများ၏ လူမှုဘဝ ဖွံ့ဖြိုးမှုများအပေါ် အာမခံချက်ပေးနိုင်သည့် ဥပဒေများ မရှိသဖြင့် စီမံကိန်းဖော်ဆောင်မှုကို ရပ်တန့်ရန် ကျောက်ဖြူမြို့နယ် ဒေသခံအဖွဲ့အစည်းများနှင့် ကျေးရွာပေါင်း ၅၀ မှ ကိုယ်စားလှယ် ၇၀ ကျော်က တောင်းဆိုလိုက်သည်။

ယင်းတောင်းဆိုမှုကို ပြီးခဲ့သည့် ဧပြီ ၇ ရက်နှင့် ဧပြီ ၈ ရက်များက ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်ကျေးရွာတွင် ပြုလုပ်ခဲ့သည့် ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအဖွဲ့၏ နှစ်ပတ်လည် အစည်းအဝေးအပြီး တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ ဒေသက လူတွေက မြေယာကို အဓိက မှီခိုပြီးစားနေရတာ၊ အဲဒီလိုအခြေနေမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ ဘဝ တိုးတက်ဖို့ ဘာမှ ခိုင်ခိုင်မာမာ ဥပဒေတွေနဲ့ ချပြထားတာမရှိဘူး။ သူတို့ကတော့ မြေတွေကိုစပြီး တိုင်းနေကြပြီ။ ကျောက်ဖြူစီးပွားရေးဇုန်လုပ်ကိုင်လိုက်လို့ ဘာတွေကောင်းကျိုးဖြစ်လာနိုင်သလဲဆိုတာကို တိတိကျကျမချပြသေးဘူး။ ဒါကြောင့်ကန့်ကွက် ရတာပါ” ဟု ကျောက်ဖြူကျေးလက်ဒေသဖွံဖြိုးရေး အသင်းမှ အတွင်းရေးမှူး ဦးထွန်းကြည်က မဇ္ဈိမကို ပြောကြားခဲ့သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းကို အကောင်အထည်ဖော်ရန် မြေဧက ၄၂၀၀ ကျော် အသုံးပြုသွားမည်ဖြစ်ကြောင်းနှင့် စီမံကိန်းအတွက် ကုမ္ပဏီခြောက်ခုနှင့် ဖွဲ့စည်းထားသည့် CITC Cosortium က တင်ဒါအောင်မြင်ထားပြီးဖြစ်ကာ ရင်းနှီးမြုပ်နှံငွေ အမေရိကန်ဒေါ်လာ ၉ ဘီလီယံထိ အသုံးပြုသွားမည်ဖြစ်ကြောင်း စီမံကိန်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ကျောက်ဖြူကျေးလက်ဒေသဖွံဖြိုးရေးအဖွဲ့ နှစ်ပတ်လည် အစည်းအဝေးကို မိတ်ဖက် အဖွဲ့ဝင်များဖြစ်သည့် Sky youth ၊ ကျောက်ဖြူလူမှုကွန်ယက်၊ သဇင်သွေးသစ်၊ အမှတ်(၇) ဒေသဖွံဖြိုးရေးအသင်းတို့နှင့် ကျေးရွာပေါင်း ၅၀ မှ ကိုယ်စားလှယ် ၇၀ ခန့်တို့က တက်ရောက်ခဲ့ကြပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ ကျောက်ဖြူ SEZ နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းကို ကန့်ကွက်ကြောင်း သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required