မင်းတပ်မြို့တွင်းတိုက်ပွဲ စစ်တပ်ဘက်မှ ၂ဦးသေ၊ ၇ဦးဒဏ်ရာရဟုဆို

By ပါခွီး (မဇ္စျိမ)
28 August 2023
မင်းတပ်မြို့တွင်းတိုက်ပွဲ စစ်တပ်ဘက်မှ ၂ဦးသေ၊ ၇ဦးဒဏ်ရာရဟုဆို
Photo - HKL / မင်းတပ်မြို့ထဲ၌ တွေ့ရသည့် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့(ပုံဟောင်း)

ချင်းပြည်နယ်၊ မင်းတပ်မြို့၌ ဩဂုတ်လ ၂၆ရက် နံနက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF-Mindat ထံမှသိရသည်။

ခလရ (၂၇၄) တပ်မှ ကားနှစ်စီးဖြင့် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မင်းတပ်မြို့၊အရှေ့ပြင်ရပ်ရှိ ဝမ္မသူးမောင်ပန်းခြံအနီးတွင် CDF – Mindat က  တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 “ကားနှစ်စီးနဲ့ ကင်းလှည့်လာတာကို စောင့်ပစ်ကြတာပါ။ စစ်ကောင်စီတပ်က နှစ်ယောက်သေပြီး ခုနှစ်ယောက် ဒဏ်ရာရသွားပါတယ်" ဟုCDF – Mindat သတင်းပြန်ကြားရေးနှင့် မှတ်တမ်းတင်ဌာနမှူး ဇလပ်သွေးက မဇ္စျိမ ကိုပြောသည်။
မိနစ် ၃၀ခန့်ကြာ အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ပြီး  ချင်းကာကွယ်ရေးတပ်ဖွဲ့မှ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။ သေဆုံးသူနှင့် ဒဏ်ရာရသူများကို စစ်ကောင်စီတပ်က ကားပေါ်တင်ဆောင်သွားကြောင်း သိရသည်။

" လူနာတင်ကားလည်းခေါ်သွားတယ်။ တခြားကားတွေလည်း ခေါ်ပြီး ၂၇၄ တပ်ရင်းထဲ မောင်းဝင်သွားတယ်"ဟု CDF – Mindat ရဲဘော်တဦးကပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၀ရက်ညက စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသည့် မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံဝန်းအတွင်းမှ လူနာတင်ကားတစီးကို လူငယ်တစုကမောင်းနှင်ယူဆောင်သွားခဲ့သည်။ယင်းဖြစ်စဥ်နောက်ပိုင်းတွင် စစ်ကောင်စီတပ်က မြို့တွင်း လုံခြုံရေးတိုးထားပြီး  ဆေးရုံနှင့်ကျောင်းအပါအဝင် အစိုးရရုံးများကို ပိတ်ခိုင်းထားရာ ယနေ့ဩဂုတ်လ ၂၈ရက် အထိ ပြန်မဖွင့်သေးကြောင်း ဒေသခံများက‌ ပြောသည်။

ဇွန်လိုင်လ ၃၀ရက်နေ့ကလည်း မင်းတပ်မြို့တွင်း ကင်းလှည့်လာသည့် စစ်ကောင်စီကားကို အရှေ့ပြင်ရပ်တွင် CDF – Mindat မှ တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင်  စစ်ကောင်စီဘက်မှ ခုနှစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ယခုရက်ပိုင်းတွင်  မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းအချို့ လှုပ်ရှားမှုရှိနေ၍ လုံခြုံရေးအထူးသတိပြုနေထိုင်ကြရန် ဒေသခံများအား CDF-Mindatက သတိပေးထားသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required