ငွေဆောင်တွင် ပြည်သူ့စစ်ဖွဲ့ရန် စစ်ကောင်စီကြိုးပမ်း

By မင်းထက် (မဇ္စျိမ)
24 August 2023
ငွေဆောင်တွင် ပြည်သူ့စစ်ဖွဲ့ရန် စစ်ကောင်စီကြိုးပမ်း
Photo - မော်လမြိုင်ကျွန်းမြို့မှ ပြည်သူ့စစ်အဖွဲ့ဝင်များ

ပုသိမ်မြို့နယ်၊ငွေဆောင်ကမ်းခြေဒေသမှ ကျေးရွာများတွင်  ပြည်သူ့စစ်ဖွဲ့ရန်အတွက် စစ်ကောင်စီက ဖိအားပေးခြိမ်းခြောက်ခြင်း၊ ငွေကြေးပေးစည်းရုံးခြင်းများပြုလုပ်နေကြောင်းဒေသခံများထံမှသိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၂ နေ့က ငွေဆောင်မြို့နယ်ခွဲ၊ ငွေဆောင်ကမ်းခြေမှ သဇင်ကျေးရွာအုပ်စု၊ သစ်ဖြူရွာစုသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသူ၊ရွာသားများကို အစည်းအဝေးခေါ်ကာ ပြည်သူ့စစ်ဖွဲ့စည်းရန် ဖိအားပေးခဲ့ကြောင်း ဒေသခံတဦးကပြောသည်။

"တရွာကို ပြည်သူ့စစ်ငါးယောက်မဖြစ်မနေပေးရမယ်။ မပေးနိုင်ရင် သူတို့ကိုယ်တိုင် ဝင်ဆွဲမယ်လို့လည်းခြိမ်းခြောက်သွားတယ်" ဟု ၎င်းကဆိုသည်။

စစ်ကောင်စီက ထိုသို့ဖိအားပေးခြိမ်းခြောက်နေသည့်အတွက် ကျေးရွာနေပြည်သူများ စိုးရိမ်နေကြသည်ဟုသိရသည်။

ထို့အပြင်  သြဂုတ်လ ၂၁ ရက်နေ့ကလည်း ငွေဆောင်မြို့နယ်ခွဲ၊ ဆင်မကျေးရွာအုပ်စု၊ညောင်အုပ်ကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ရဲများနှင့် ထွေအုပ်ဝန်ထမ်းများလာရောက်ပြီး အစည်းအဝေးလုပ်ကာ ပြည်သူ့စစ်ဖွဲ့ရန် ဖိအားပေးခဲ့သည်ဟု သိရသည်။

ပြည်သူ့စစ်ဖွဲ့ပါက  ကျေးရွာအုပ်စုတစုလျှင် လစဥ် ထောက်ပံ့ငွေ ကျပ်သိန်း၃၀ပေးမည်ဟု စည်းရုံးကာ ၁၀သိန်းကျပ်သာ ပေးသွားကြောင်း ဒေသခံတဦးကပြောသည်။

"ကျန်တဲ့ပိုက်ဆံကို တောထဲမှာ မီးသွေးဖုတ်၊သစ်ခိုးခုတ်နေတဲ့လူတွေဆီက လိုင်းကြေးရမှထပ်ပေးမယ်လို့ပြောတယ်။ ဆယ်သိန်းပေးပြီး လာစည်းရုံးတာပါ"ဟု ယင်းဒေသခံကဆိုသည်။

ငွေဆောင်ဒေသတွင် စစ်ကောင်စီက ယခင်ကလည်း ပြည်သူ့စစ်ဖွဲ့ရန် ကြိုးစားခဲ့ဖူးပြီး ၎င်းတို့ မျှော်လင့်သလောက် အောင်မြင်ခဲ့ခြင်းမရှိ၍ ယခုထပ်မံကြိုးစားခြင်းဟု ဒေသခံများကပြောသည်။

ဒေသတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက "နိုင်ငံအနှံ့မှာ စစ်သားတွေအများကြီးသေနေတော့ အရံအင်အားတွေစုနေတာလို့ထင်ပါတယ်။ဒါတွေကိုကြည့်ရင် စစ်တပ်ပြိုလဲတော့မယ်ဆိုတာသိသာနေပါပြီ။သူတို့မှာ အင်အားအများကြီးရှိသေးရင် ဒီလိုတွေလုပ်စရာအကြောင်းကိုမရှိပါဘူး" ဟုဝေဖန်သုံးသပ်သည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းအပါအဝင်အညာဒေသ တိုက်ပွဲများ၌ ပြည်သူ့စစ်များ၊ ပျူစောထီးများကို စစ်ကြောင်းရှေ့တွင်ထားကာ တိုက်ခိုက်နေသည်ဟု သိရသည်။ 

မြန်မာနိုင်ငံအနှံ့အပြားတွင် ဘက်ပေါင်းစုံ စစ်မျက်နှာဖွင့်ထားရသော စစ်ကောင်စီတပ်သည် ယခုအခါ အင်အားချိနဲ့နေပြီး တပ်တွင်းဖွဲ့စည်းပုံလည်း ယိုယွင်းနေပြီဟု  အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ဩဂုတ်လ၂၂ရက်က ပြုလုပ်ခဲ့သည့် မဇ္ဈိမနှင့် အင်တာဗျူးတွင် ပြောထားသည်။

စာတည်း - အေးချမ်း

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required