ကျောက်တံခါးမြို့နယ်အတွင်း ရန်ကုန်-မန္တလေး ရထားလမ်းနှင့် လျှပ်စစ်ဓာတ်အားလိုင်း တာဝါတိုင် ၂ ခု မိုင်းခွဲခံရ

By ရွှေနွယ် (မဇ္ဈိ)
23 August 2023
ကျောက်တံခါးမြို့နယ်အတွင်း ရန်ကုန်-မန္တလေး ရထားလမ်းနှင့် လျှပ်စစ်ဓာတ်အားလိုင်း တာဝါတိုင် ၂ ခု မိုင်းခွဲခံရ
ပုံအညွှန်း - မိုင်းခွဲခံရသည့်လျှပ်စစ်ဓာတ်အားပေးတာဝါတိုင်များ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ်ခန့်က ပဲနွယ် ကုန်းနှင့်တောကျွဲအင်းအကြားရှိ ရန်ကုန်-မန္တလေးရထားလမ်း မိုင်တိုင်(၁၁၇/၈)နှင့်(၁၁၇/၉)အကြား လမ်း ပိုင်းကို မိုင်းခွဲခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၂)စစ်ဒေသခွဲထံ မှ သိရသည်။

မိုင်းခွဲမှုကြောင့် ရထားလမ်းမှ ဇလီဖားတုံးခြောက်တုံးပျက်စီးခဲ့ပြီး ရထားသံလမ်း ၁၆ ပေခန့်ပျက်စီးခဲ့ ကြောင်း စစ်ကောင်စီ၏ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသည်။

ထို့ပြင် ဩဂုတ်လ ၂၁ ရက်နေ့ ည ၉ နာရီအချိန်ခန့်ကလည်း သဲဖြူရွာသစ်အနီးရှိ တောင်ငူ−သာယာကုန်း လျှပ်စစ်ဓာတ်အားလိုင်း တာဝါတိုင်အမှတ် ၂၂၂ နှင့် ၂၂၃ တာဝါတိုင်နှစ်ခုကိုလည်း မိုင်းခွဲခဲ့ကြောင်း သိရ သည်။

ဓာတ်အားလိုင်း တာဝါတိုင်နှစ်ခုမှာ ပြိုကျသည့်အခြေအနေသို့မရောက်ရှိသော်လည်း အခြေသံချောင်း များပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

ပုံအညွှန်း - မိုင်းခွဲခံရသည့်လျှပ်စစ်ဓာတ်အားပေးတာဝါတိုင်များ

“ကျွန်တော်တို့ ဘယ်လိုစစ်ဆင်ရေးကိုပဲ ဆောင်ရွက်ဆောင်ရွက် ပြည်သူကိုထိခိုက်မှု အနည်းဆုံးဖြစ် အောင် စဉ်းစားပြီးမှဆောင်ရွက်ပါတယ်။ ဆောင်ရွက်ခဲ့တဲ့စစ်ဆင်ရေးတွေကလည်း လိုအပ်လို့ဆောင်ရွက် တာပါ” အမှတ် (၂) စစ်ဒေသခွဲ၏ ဒုတိယစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးမှ မဇ္ဈိမကိုပြောသည်။

ပုံအညွှန်း - မိုင်းခွဲခံရသည့်လျှပ်စစ်ဓာတ်အားပေးတာဝါတိုင်များ

ရထားလမ်းပိုင်း ဖောက်ခွဲမှုစစ်ဆင်ရေးသည်လည်း အဓိကအားဖြင့် စစ်ကောင်စီ၏ ထောက်ပို့လမ်း ကြောင်း ဗျူဟာလမ်းကြောင်းဖြစ်သည့်အတွက် ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက် နံနက် ၇ နာရီခန့်ကလည်း KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့မှ စစ်ကောင်စီ၏ လက်နက်ခဲယမ်းထောက်ပို့ရထားကို ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သေး သည်။

မိုင်းဆွဲခံရသည့် ထောက်ပို့ရထားအား ရထားလမ်းပြန်လည်ပြင်ဆင်ပြီးသည့် လေးရက်မြောက်နေ့ ဩဂုတ် လ ၂၁ ရက်နေ့ညတွင် စစ်ကောင်စီမှ သယ်ဆောင်သွားပြီဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

ပုံအညွှန်း - မိုင်းခွဲခံရသည့်မီးရထားလမ်းပိုင်း

လက်ရှိတွင် ဖြူးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသတွင်း KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များကပြောသည်။

အဆိုပါဒေသများအတွင်း တော်လှန်ရေးအင်အားစုဘက်မှနယ်မြေစိုးမိုးမှုရရှိနိုင်ရေးအတွက် ကြိုးပမ်းနေ ခြင်းဖြစ်ကြောင်းလည်း အမှတ်(၂)စစ်ဒေသခွဲ၏ ဒုတိယစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးကပြောသည်။

“နယ်မြေစိုးမိုးမှုအနေနဲ့ကတော့ ကျွန်တော်တို့ဗျူဟာအတိုင်း တဆင့်ချင်းသွားနေပါတယ်ဗျ” ဟု ဆိုသည်။

ပုံအညွှန်း - မိုင်းခွဲခံရသည့်မီးရထားလမ်းပိုင်း

စစ်ကောင်စီတပ်အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား တိုက်ခိုက်၍မနိုင်သည့်အခါ ဒေသခံများ ကို ဘေးအန္တရာယ်ပြုခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းမှတိုက်ခိုက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

"အဓိက ပြည်သူလူထုကို သူတို့ပေးချင်တဲ့အချက်က အကြောက်တရားပါပဲ။ ပြည်သူနဲ့ တော်လှန်ရေးအဖွဲ့ တွေကြား သွေးခွဲဖို့ရည်ရွယ်တာဖြစ်ပါတယ်”ဟု အမှတ်(၂)စစ်ဒေသခွဲ၏ ဒုစစ်ဒေသခွဲမှူးက ပြောသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly