ကျောက်တံခါးတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် အသက် ၁၆ နှစ်အရွယ်ကလေး သေဆုံး

By ရွှေနွယ် (မဇ္ဈိမ)
04 August 2023
ကျောက်တံခါးတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် အသက် ၁၆ နှစ်အရွယ်ကလေး သေဆုံး

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် ယမန်နေ့ ဩဂုတ်လ ၃ ရက်နေ့က စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် သမင်အင်းကုန်းကျေးရွာ၊ ကန်ကြီးဒေါင့်ကွက်သစ်နေ အသက် ၁၆ နှစ်အရွယ်ယောက်ျားလေး စောပိုင်သူ သေဆုံးခဲ့ရသည်ဟု ကျောက်တံခါးမြို့ မြေပြင်သတင်းရင်းမြစ်၏ပြောဆိုချက်အရ သိရသည်။

ကျောက်တံခါးမြို့ သူဌေးကုန်းဘက်မှ စစ်ကောင်စီတပ်သည် ကျောက်တံခါးမြို့အရှေ့ဘက်ကျေးရွာများသို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ပြီး အဆိုပါလက်နက်ကြီးကျည်သည် သမင်အင်းကုန်းကျေးရွာရှိ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခြင်းဖြစ်သည်။

"မနေ့က မနက် ၄ နာရီလောက်မှာ စစ်ကောင်စီဘက်က သမင်အင်းကုန်းရွာထဲကိုဝင်လာတယ်၊ အဲ့တာကို PDF ဘက်ကသတင်းကြိုရပြီး တိုက်ခိုက်လိုက်တာမှာ စစ်ကောင်စီဘက်ကသေတယ်။ အဲ့တာလည်းပြီးရော မကျေနပ်ဖြစ်ပြီးနေမှာပေါ့ ၊ သမင်အင်းကုန်းဘက်ကို သူဌေးကုန်းကနေလက်နက်ကြီးတွေနဲ့ပစ်တာ၊ ကလေးသေတယ်။ အမျိုးသမီးတစ်ယောက်လည်း လက်နက်ကြီးစထိထားတယ်” ဟု ကျောက်တံခါးမြို့မြေပြင်သတင်းရင်းမြစ်မှ မဇ္ဈိမကိုပြောသည်။

ယမန်နေ့ နံနက် ၅ နာရီခန့်မှစတင်ကာ ညပိုင်းအထိ ကျောက်တံခါးမြို့သူဌေးကုန်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပိန်းဇလုပ် ခလရ (၂၆၄) တပ်မှ သမင်အင်းကုန်းကျေးရွာဘက်သို့လက်နက်ကြီးဖြင့် အချက်ပေါင်းများစွာပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ယနေ့ ဩဂုတ်လ ၄ ရက်နေ့တွင်လည်း ကျောက်တံခါးမြို့၏တောင်ဘက် ဘုရားရွာရွာအနီးရောက်ရှိနေသာ စစ်ကောင်စီတပ်သည် သမင်အင်းကုန်းကျေးရွာသို့ လက်နက်ကြီးဖြင့်ပစ်ခတ်နေသည်ဟု ယနေ့ နေ့လည် ၁၂ နာရီခန့်တွင် ကျောက်တခါးမြို့မြေပြင်သတင်းရင်းမြစ်မှ မဇ္ဈိမကိုပြောသည်။

"ရွာထဲက ရွာသားတွေကတော့ စစ်ကြောင်းမရှိရင် ရွာထဲဝင်နေလိုက် စစ်ကြောင်းရှိရင် ပြေးလိုက်နေနေရတာ။ အခုကတော့ အကုန်ပြေးနေရပြီပေါ့" ဟု ကျောက်တခါးမြို့မြေပြင်သတင်းရင်းမြစ်မှ ပြောသည်။

ကျောက်တံခါးမြို့တွင် ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးနေသောကြောင့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား စစ်ရေးတင်းမာလာခြင်းဖြစ်သည်။

ဇွန်လ နောက်ဆုံးပတ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အသက်မပြည့်သေးသူ ကလေးငယ် လေးဦးအပါအဝင် ဒေသခံပြည်သူ ခြောက်ဦးသေဆုံးခဲ့ရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် ကျောက်တံခါးမြို့နယ်အတွင်း ဆက်လက်စစ်ကြောင်းထိုးနေဆဲဖြစ်ပြီး ယနေ့စစ်ကြောင်းတွင် စစ်ကောင်စီတပ်သားများသည် အရပ်ဝတ်အင်္ကျီနှင့် စစ်ဘောင်းဘီများဝတ်ဆင်ထားကြခြင်းဖြစ်ပြီး စစ်လက်နက်အပြည့်အစုံတပ်ဆင်ထားသည်ဟုလည်း ကျောက်တံခါးမြို့မြေပြင်သတင်းရင်းမြစ်မှ ပြောသည်။

ကျောက်တံခါးမြို့နယ်အတွင်း စစ်ရေးအခြေအနေတင်းမာနေဆဲဖြစ်ပြီး ယမန်နေ့နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များကြားတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားထားပြီး စစ်ကောင်စီတပ်ဘက်မှ အထိနာခဲ့သည်ဟု ကနဦးသတင်းရရှိထားသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required