ဖားကန့်တွင် KTV မန်နေဂျာ ပစ်သတ်ခံရ

By အဂမ် (မဇ္ဈိမ)
18 August 2023
ဖားကန့်တွင် KTV မန်နေဂျာ ပစ်သတ်ခံရ
ပုံအညွှန်း- ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် KTV ဆိုင်၏ ဆိုင်းဘုတ်(ဓာတ်ပုံ- လူမှုကွန်ရက်မှ ရယူထားသောပုံ)

ဖားကန်မြို့ ၊ လုံးခင်းကျေးရွာ ရပ်ကွက်(၁) ရှိ Green City KTV မန်နေဂျာသည် သြဂုတ်လ ၁၇ ရက် ည ၁၀ နာရီခန့်က သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံက သိရသည်။ လူငယ်နှစ်ဦးက KTVသို့ ဆိုင်ကယ်ဖြင့် လာရောက်ပြီးနောက် ထိုသို့ ပစ်သတ်သွားခြင်းဖြစ်သည်။ 

" လူငယ်နှစ်ယောက် ဟုတ်တယ်။ KTV ကို ဆိုင်ကယ်နဲ့ လာပြီး မန်နေဂျာကို သေနတ်နဲ့ လေးချက် လာပစ်သွားခဲ့တာလို့ သိရပါတယ်"ဟု သတင်းရင်းမြစ်က ဆိုသည်။

သေဆုံးသွားသူမှာ အသက် ၅၀ အရွယ်ရှိပြီး ၎င်း၏ အမည်နှင့် သတ်ဖြတ်ခံရသည့် အကြောင်းအရင်းကို မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။ သေဆုံးသူ၏ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းအဖွဲ့က ဖားကန့်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ထို့ပြင် Green City KTV မန်နေဂျာ ပစ်ခတ်ခံရပြီး သေဆုံးမှုသည် တော်လှန်ရေးအင်အားစုများနှင့် မသက်ဆိုင်ကြောင်း ဖားကန့်မြို့မှ ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တဦးက ပြောသည်။

ဖားကန့်မှာ ပြီးခဲ့သော ဇူလိုင်လ ၉ ရက်နေ့က မှော်ရှန်ကျေးရွာရှိ ရှင်းရင်ဟော်တယ်ပိုင်ရှင်အမျိုးသမီး ဒေါ်ဖြူဖြူသန့်ကို အမည်မသိ လက်နက်ကိုင်လူတစ်စုက လာရောက်ခေါ်ယူသွားခဲ့ပြီး သေနတ်နဲ့ပစ်သတ်ခဲ့သည့် ဖြစ်စဉ်‌ရှိခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required