ကရင်နီပြည်နယ်တွင် ဇူလိုင်လအတွင်း တိုက်ပွဲ (၃၃) ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၈၄ ဦးသေဆုံး

By 002 (မဇ္ဈိမ)
05 August 2023
ကရင်နီပြည်နယ်တွင် ဇူလိုင်လအတွင်း တိုက်ပွဲ (၃၃) ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၈၄ ဦးသေဆုံး
ဇူလိုင်လကုန်ပိုင်းက ကရင်နီပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ရရှိသည့် စစ်လက်နက်အသုံးအဆောင်ပစ္စည်းများ။(ဓာတ်ပုံ-KNDF)

ကရင်နီပြည်နယ်တွင် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့်တိုက်ပွဲ ၃၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၈၄ ဦးသေဆုံး ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က သတင်းထုတ်ပြန်သည်။

တိုက်ပွဲများသည် KNDF က အခြားသော အင်အားစုများနှင့် လက်တွဲကာ ပါဝင်တိုက်ခိုက်ခဲ့သော တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၄ဦး သေဆုံးကာ သုံ့ပန်း သုံးဦး ဖမ်းဆီးရမိခဲ့သည်။ ထို့အပြင် လက်နက်ငယ် ရှစ်လက်နှင့် ခဲယမ်းအမြောက်အမြားသိမ်းဆည်းရမိခဲ့သည်ဟု KNDF က ဆိုသည်။

 KNDF မှလည်း ရဲဘော်နှစ်ဦး ကျဆုံးခဲ့ပြီး ကျဆုံးခဲ့သည့် မဟာမိတ်တပ်များမှ ရဲ ဘော်များကိုလည်း အာဇာနည် သူရဲကောင်းများအဖြစ် မှတ်တမ်းတင် အလေးပြုကြောင်း KNDF က ထုတ်ပြန်သည်။

ဇူလိုင်လအတွင်း စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှု ၄၂ ကြိမ်ပြုလုပ်ခဲ့ရာ ကလေးတစ်ဦး အပါအဝင် ပြည်သူ လေးဦးသေဆုံးခဲ့ပြီး  ရှစ်ဦးဒဏ်ရာရခဲ့ကြောင်း ၊ ယင်းအပြင် လက်နက်ကြီး ထိမှန်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးကာ၊ ၁၄ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နှင့် စစ်ကောင်စီတပ်ဖွဲ့က အကြောင်းမဲ့ သတ်ဖြတ်သဖြင့် ပြည်သူ ခုနစ်ဦး သေဆုံးခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းနှင့် လက်နက်ကြီးဖြင့် တိုက်ခိုက်မှုတို့ကြောင့် လူနေအိမ် ၁၃လုံး၊ဘာသာရေးအဆောက်အအုံ နှစ်လုံး၊ ဆေးပေးခန်း တစ်ခန်း နှင့် စာသင်ကျောင်း နှစ်ကျောင်းတို့လည်း ပျက်စီးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီက မယ်စဲ့မြို့နယ်ရှိ တပ်စခန်းများနှင့် နယ်စပ်စခန်းများအား လက်လွတ်ဆုံးရှုံးခဲ့ပြီးနောက် ဇွန်လအတွင်း စစ်အင်အားဖြည့်တင်းကာ စစ်ဆင်ရေးအရှိန်မြှင့်တင်ရန် လူသူလက်နက်ခဲယမ်းနှင့် ဆက်သွယ်ရေးစက်များပါဝင်သော စစ်ကား အစီး၁၀၀ကျော်ပါ ယာဉ်တန်းကို လွိုင်ကော်မြို့နယ် အတွင်းသို့ ဝင်ရောက်အားဖြည့်ခဲ့သည်ဟု KNDF က ဆိုသည်။

ဇူလိုင်လ တတိယအပတ်မှစ၍ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမှ ဖယ်ခုံကို ဖြတ်၍ လွိုင်ကော်မြို့နယ်သို့ ဝင်လာသော စစ်ကောင်စီ၏ ထောက်ပို့စစ်ယာဉ်တန်းအား  လွိုင်ကော်မြို့ အနီးတွင် ကရင်နီ ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့၏ ကားသုံးစီး ပျက်စီးခဲ့ကြောင်း၊ ထို့အတူ အဆိုပါယာဉ်တန်းများအား လုံခြုံရေးယူပေးမည့် လွိုင်ကော်မြို့မှ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ ၂၀ဦး ထက်မနည်း သေဆုံးခဲ့သည်ဟု KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ဖားဆောင်းမြို့အနီးရှိ သံလွင်တံတား အနီးတွင် မယ်စဲ့မြို့ကို ပြန်လည်သိမ်းယူနိုင်ရေးစစ်ကြောင်းထိုးနေသာ စစ်ကောင်စီတပ်ဖွဲ့နှင့် မယ်စဲ့မြို့နယ်ရှိ ပန်တိန်းနယ်ခြားစောင့်စခန်းတွင် ရဟတ်ယာဉ်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်များကိုလည်း ကရင်နီပူးပေါင်း တပ်ဖွဲ့များက အဆက်မပြတ် တိုက်ခိုက်ခဲ့သည်ဟု KNDF က ထုတ်ပြန်သည်။

ဘောလခဲမြို့နယ်၊ ရွာသစ်မြို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့များ ထိုးစစ်ဆင်လျက်ရှိသဖြင့်  ကရင်နီ ပူးပေါင်းတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွာသစ်မြို့ အတွင်းသို့ ဝင်ရောက် တပ်စွဲကာ အရပ်သားပြည်သူ ၃၀၀ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားသည်ဟု KNDF က ထုတ်ပြန်သည်။

ဇူလိုင်လအတွင်း ကရင်ပြည်နယ်၊သံတောင်မြို့နယ် ၊ယာဒိုကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို မဟာမိတ်တပ်များနှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်၏ အဆမတန် လေကြောင်းပစ်ကူများအသုံးပြုမှုနှင့် အင်အား အမြောက်အများ ဖြည့်တင်းမှုကြောင့် ယာဒိုကျေးရွာနှင့်အနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု KNDF က ဆိုသည်။

ကရင်နီပြည်နယ်အတွင်း စစ်မျက်နှာအသီးသီးတွင် စစ်ကောင်စီတပ်ဖွဲ့များ အထိနာလျက်ရှိပြီး လက်နက်၊ခဲယမ်း၊ ရိက္ခာနှင့် တပ်အင်အားဖြည့်တင်းနိုင်ရန် အပြင်းအထန် ကြိုးစားနေသည်ဟု KNDF က ထုတ်ပြန်ထားသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

ပုံအညွှန်း- ဇူလိုင်လကုန်ပိုင်းက ကရင်နီပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ရရှိသည့် စစ်လက်နက်အသုံးအဆောင်ပစ္စည်းများ။(ဓာတ်ပုံ-KNDF)

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required