ထိုင်းနိုင်ငံ၏ နိုင်ငံရေးစုရုံးမှုများတွင် မပါဝင်ရန် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို သတိပေး

By မဇ္ဈိမ 
28 July 2023
ထိုင်းနိုင်ငံ၏ နိုင်ငံရေးစုရုံးမှုများတွင် မပါဝင်ရန် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို သတိပေး

ထိုင်းနိုင်ငံတွင်းက နိုင်ငံရေးစုရုံးပွဲများတွင် မပါဝင်ကြရန် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား မြန်မာအလုပ်သမားအရေး တက်ကြွလှုပ်ရှားသူများက သတိပေးထားသည်။

“ရွှေ့ပြောင်းအလုပ်သမားတွေက ထိုင်းနိုင်ငံရေးမှာ ပါဝင်ဖို့ စိတ်အားဖြင့် အသင့်ရှိနေတယ်လို့ ကျွန်မ ယူဆတယ်၊ ဒါပေမဲ့ လက်တွေ့မှာတော့ ထိုင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့် ပါဝင်ဖို့ အဆင်ပြေလိမ့်မှာ မဟုတ်ဘူး”ဟု မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်မိုးစန္ဒာမြင့်က ပြောသည်။

မေ ၁၄ ရက်က ထိုင်းရွေးကောက်ပွဲတွင် ရှေ့သို့ချီပါတီက အများဆုံး မဲရလဒ် ၃၈ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သည်။ သို့ရာတွင် ပါတီ၏ ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်း ဖိထာ လင်ဂျာရွန်ရတ်ကို စစ်တပ်ခန့်အပ်သည့် ဆီးနိတ်လွှတ်တော်၌ ဇူလိုင် ၁၉ ရက်က ပယ်ချ၍ ၎င်းအနေဖြင့် ဝန်ကြီးချုပ် မဖြစ်နိုင်တော့သကဲ့သို့ ရှေ့သို့ချီပါတီအနေဖြင့်လည်း အစိုးရ မဖွဲ့နိုင်တော့ပေ။

လွှတ်တော်အမတ်များအနေဖြင့် မီဒီယာကုမ္ပဏီများတွင် ရှယ်ယာပိုင်ဆိုင်ခြင်း မရှိရသဖြင့် ဖိထာက iTV မီဒီယာကုမ္ပဏီတွင် ရှယ်ယာပိုင်ဆိုင်ထားခြင်းရှိသည်ကို ဖွဲ့စည်းပုံခုံရုံးက စုံစမ်းစစ်ဆေးနေစဉ်အတွင်း ၎င်းအား တာဝန်ရပ်ဆိုင်းထားသည်။

ယင်းအတွက် ရွေးကောက်ပွဲတွင် ဖော်ပြခဲ့သည့် ပြည်သူတို့၏ ဆန္ဒကို ဆန့်ကျင်ပြီး ဖိထာနှင့် ပါတီကို ဒီမိုကရေစီနည်းမကျ ပိတ်ဆို့သည်ဟု ယူဆသော ပါတီကို ထောက်ခံသူများအတွက် မကျေနပ်ဖြစ်ကြရကာ နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ ရှိလာသည်။

ထိုင်းဖွဲ့စည်းပုံဥပဒေအရ ဆန္ဒပြပွဲများတွင် ပါဝင်ခြင်းမှ နိုင်ငံခြားသားများကို တားမြစ်ထားရာ အကယ်၍ ပါဝင်ခဲ့ပါက ထောင်ဒဏ် သုံးနှစ်မှ ငါးနှစ်အထိနှင့် ငွေဒဏ် ထိုင်းဘတ်ငွေ ၁၀၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ ချမှတ်ခံရနိုင်သည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား လေးသန်းမှ ငါးသန်းအထိ ရှိ‌ကြောင်း မြန်မာအလုပ်သမားအခွင့်အရေး တက်ကြွလှုပ်ရှားသူများအရ သိရသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly