ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

By YT  ( မဇ္ဈိမ)
25 July 2023
ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား
ဓါတ်ပုံ - ကျောက်ကြီးမြို့အဝင်ဆိုင်းဘုတ် (လူမှုကွန်ယက်)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ဇူလိုင်လ ၂၄ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်က စစ်ကောင်စီ တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ကျောက်ကြီး - နတ်သံကွင်း ကားလမ်းမပေါ်ရှိ ပေါက်မြောင်းတံတားအနီးတွင် နတ်သံကွင်းမြို့ဘက်မှ နောင်ကုန်းစစ်ကောင်စီ ဂိတ်စခန်းဘက်သို့တက်လာသည့် အင်အား ၃၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် တပ်မဟာ (၃) KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

“တိုက်ပွဲပြီးလို့ ပြန်လာတော့ ၁၀ ယောက်ဝန်းကျင်ပဲပြန်ပါလာတယ်။ ဒဏ်ရာရထားတဲ့ နှစ်ယောက်ကို ထမ်းလာတာတွေ့တယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။ 

တိုက်ပွဲဖြစ်ပွား‌နေစဉ် နတ်သံကွင်းရှိ စစ်ကောင်စီတပ်စခန်းမှ အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီးပစ်ကူ ပေးကာ အင်အား ၇၀ နီးပါးဖြင့် ထပ်မံစစ်ကြောင်းထိုးလာခဲ့သည်ဟု ၎င်းက‌ဆိုသည်။

အဆိုပါစစ်ကြောင်းမှ ကျန်ရှိနေသည့် စစ်ကောင်စီတပ်သားများသည် လက်ရှိတွင် နောင်ကုန်းကျေးရွာ အနီးပတ်ဝန်းကျင်၌သာရှိနိုင်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့ကလည်း နတ်သံကွင်းဘက်မှ နောင်ကုန်းကျေးရွာဘက်သို့ စစ်ကြောင်း ထိုးလာသည့် အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းနှင့် တပ်မဟာ (၃) KNLA ၊ PDF ပူးပေါင်း တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က နောင်ကုန်းကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့ ကြောင်း ဒေသခံတဦးထံမှ သိရသည်။

“မနက်စောစော စစ်ကြောင်းဝင်ထိုးတယ်၊ KNU ၊ PDF ရှိတယ်ဆိုပြီး ရွာကိုမီးရှို့တာ။ မိုးလင်းပိုင်းတော့ မီးခိုးလှမ်းမြင်ရတယ်။ အဲဒီရွာက လူမရှိတာ တနှစ်ကျော်ပြီ” ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။ 
မီးရှို့ဖျက်ဆီးခံရမှုကြောင့် နောင်ကုန်းကျေးရွာ တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးခဲ့ရသော်လည်း ရွာသူ ရွာသားများမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှစ၍ စစ်ဘေးရှောင်နေကြရသဖြင့် အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်သည် KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်း တည်ရှိပြီး လက်ရှိတွင် အဆိုပါနယ်မြေ၌ စစ်ကောင်စီတပ်ဖွဲ့နှင့် KNLA၊ PDF ဒေသတွင်းတော်လှန်ရေးအင်အားစု များအကြား ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ပွားနေကြောင်း သိရသည်။

စာတည်း။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required