ဇူလိုင်လပထမပတ်အတွင်း ကျောက်တံခါးနှင့် ရေတာရှည်မြို့နယ်တို့တွင် စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးဟု Bago Region-PDF ပြော

By ရွှေနွယ်( မဇ္ဈိမ )
10 July 2023
ဇူလိုင်လပထမပတ်အတွင်း ကျောက်တံခါးနှင့် ရေတာရှည်မြို့နယ်တို့တွင် စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးဟု Bago Region-PDF ပြော

ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်တံခါးနှင့် ရေတာရှည်မြို့နယ်တို့တွင် ဇူလိုင်လပထမပတ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၃၀ ဦးနှင့်အထက်သေဆုံးသည်ဟု ပဲခူးတိုင်းစစ်ဒေသခွဲ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာအုပ်စု၊ အိုးမြေ တူးကျေးရွာမှ အင်အား ၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား အိုးမြေတူးနှင့် ရှမ်းစုကျေးရွာကြား နှမ်းခင်း အရောက်တွင် ရေတာရှည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှမိုင်းဆွဲတိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ် ခတ်မှု မိနစ် ၃၀ ခန့်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံး၍ ၁၆ ဦးဒဏ်ရာရသည်ဟု ပဲခူးတိုင်း စစ်ဒေသခွဲ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် ဇူလိုင်လ ၅ ရက်နေ့ ည ၉ နာရီခန့်တွင်လည်း စည်ပိုင်းကျေးရွာနှင့် မိချောင်းအိုင်ကျေးရွာကြားရှိ နဂျပ်ချောင်းစပ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့အား ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ရာ မိနစ် ၃၀ ကြာတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သားခြောက်ဦး သေဆုံး သည်ဟု ဆိုသည်။

“တိုက်ပွဲတွေမှာ သူတို့ဘက်က အမြဲအထိနာနေတယ်ဆိုတာ ကျွန်တော်တို့ဘက်မှာ ပြည်သူလူထုရှိတယ်။ ပြည်သူလူထုက ကျွန်တော်တို့ရဲ့ထောက်လှမ်းရေးတွေပဲ။ စစ်ကြောင်း စစ်ယာဉ်တန်း တပ်လှုပ်တပ်ရွှေ့ အားလုံးက ပြည်သူလူထုက ကျွန်တော်တို့ကို ဆက်သွယ်ပြောပြပြီးတော့ ပူးပေါင်းပါဝင်မှု အားကောင်း တာကြောင့်ပါ။ ရင်ဆိုင်တိုက်ပွဲဖြစ်လိုက်ပြီဆိုတိုင်းမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကိုပါ လွှင့်ပစ် လွှတ်ချပြီး ထွက်ပြေးကြတာချည်းပဲ။ ကျွန်တော်တို့က စိတ်ဓာတ်နဲ့တိုက်နေတာ သူတို့က (စစ်ကောင်စီ တပ်သားများ) မဖြစ်လို့သာလုပ်နေကြတာ စိတ်ဓာတ်တွေ ယိုင်းယိမ်ပျက်စီးနေကြပြီ” ဟု ပဲခူးတိုင်း စစ်ဒေသခွဲ၏ သတင်းပြန်ကြားရေးတာဝန်ရှိသူ ကိုဝေယံက မဇ္ဈိမကိုပြောသည်။

ရေတာရှည်မြို့နယ်တွင်းတိုက်ပွဲများအား  ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ငူခရိုင် တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၄)၊ တပ်ခွဲ (၆) နှင့် အလယ်ပိုင်းတိုင်း နေပြည်တော်စစ်ဒေသခွဲ ရိုးမစစ်ကြောင်းတို့က ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ရေတာရှည်မြို့နယ်သည် နေပြည်တော်ကောင်စီနယ်မြေနှင့် နယ်နမိတ်ချင်းထိစပ်လျက်ရှိသည့် မြို့လည်း ဖြစ်သည်။

ထို့ပြင် ကျောက်တံခါးမြို့နယ်တွင်လည်း ဇူလိုင်လ ၅ ရက်နေ့  မွန်းလွဲ ၂ နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် EAO PDF ပူးပေါင်းတပ်ဖွဲ့တို့ နံဇရွာထိပ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံး၍ ၁၀ ဦးခန့် ကျောက်တံခါးဆေးရုံသို့တင်ထားရကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲမှ ထုတ်ပြန်ထား သည်။

ဇူလိုင်လ ၆ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်ခန့်တွင်လည်း နံဇရွာနှင့်ပေါက်ပင်ကုန်းကြားတံတားထိပ်တွင် ထပ်မံတိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
“မနေ့ညက ကျောက်တံခါးမြို့နယ် သူဌေးကုန်းရွာအထွက် တောရကျောင်းအနီးကနေ စစ်ကောင်စီတပ် က လက်နက်ကြီးနဲ့ရမ်းပစ်တာမှာ နွားရေချောင်းနဲ့ ကျွဲတလင်းရွာဘက်မှာ ကျပြီးပေါက်ကွဲတယ်။ သူတို့ ဘက်ကအထိနာသွားတော့ တမျိုးပြောင်းကြံနေပုံရတယ်။ ထောက်ပို့လမ်းကြောင်းပြတ်နေလို့ နတ်သံ ကွင်းတံတားပြင်ဖို့ကို အင်အားစုနေတယ် မကြာခင်ထိုးစစ်ဆင်ဖို့ရှိနေတယ်လည်း သတင်းရထားတယ်” ဟု ကျောက်တံခါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထောက်ပို့ရဲဘော်တဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သား သေဆုံးဦးရေများနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင် ခြင်းမရှိသေးပေ။

ကရင်အမျိုးသားအစည်းအရုံး KNU မှလည်း တပ်မဟာ(၃) နယ်မြေအတွင်းရှိ ပဲခူးတိုင်း၊ ကျောက်ကြီ မြို့ နယ်၊ မုန်းမြို့နယ်၊ ကျောက်တံခါးမြို့နယ်တို့တွင် ဇူလိုင်လ ပထမအပတ်အတွင်း တိုက်ပွဲ ၁၁ ကြိမ် ဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီတပ်သား ၃၂ ဦး သေဆုံးကာ ၂၂ ဦး ထိခိုက်ဒဏ်ရာရပြီး  KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့မှ လည်း တဦးကျဆုံး၍ တဦးထိခိုက်ဒဏ်ရာရကြောင်း ဇူလိုင်လ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပဲခူးတိုင်းအရှေ့ခြမ်းမြို့နယ်များတွင် ယခု ၂၀၂၃ ခုနှစ်အတွင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိကာ ကျောက်တံခါး၊ ညောင်လေးပင်နှင့် ကျောက်ကြီးမြို့နယ်တို့မှ ဒေသခံအများအပြား စစ်ဘေးရှောင်နေကြ ရကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly