ရန်ကုန်ရှိ တော်လှန်ရေးအင်အားစုများ "ဆဲဗင်းဇူလိုင်" လှုပ်ရှားမှုများပြုလုပ်

By ဂန္ဒမာ (မဇ္ဈိမ)
07 July 2023
ရန်ကုန်ရှိ တော်လှန်ရေးအင်အားစုများ "ဆဲဗင်းဇူလိုင်" လှုပ်ရှားမှုများပြုလုပ်

ရန်ကုန်မြို့ရှိ နေရာတချို့တွင် တော်လှန်ရေးအင်အားစုများက  (၆၁) နှစ်မြောက် “ ဆဲ‌ဗင်းဇူလိုင်" လှုပ်ရှားမှုများကို ယမန်နေ့ ဇူလိုင်လ ၆ ရက် ကစတင်ကာ ပြုလုပ်ခဲ့ကြောင်းသိရသည်။

"ကျွန်တော်တို့ အခုချိန်ထိ အာဏာရှင်စနစ်ကို တွန်းလှန်ဖို့ တည်ရှိနေတာက ဒီကောင်တွေ လုံးဝ ဖိနှိပ်ဖြိုခွဲလို့မရဘူးဆိုတဲ့ သက်သေဖြစ်ပါတယ်။ ဒါကြောင့် အာဏာရှင်စနစ် အဆုံးသတ်ဖို့ ရိုက်ချိုးမယ့် ကျောင်းသားလူငယ်တွေ၊ တော်လှန်လူငယ်တွေ အခုချိန်ထိ ရှိသေးတယ် ။  ကျွန်တော်တို့ ဘယ်သောအခါမှ ဒီလိုဖြစ်ရပ်ကို မမေ့ဘူး ။ ကမ္ဘာမကျေဘူးဆိုတာ ပြသချင်လို့ ဒီလှုပ်ရှားမှု လုပ်ရခြင်း ဖြစ်ပါတယ်။" ဟူ၍ Anti-Janta Alliance Yangon AJAY - စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု တာဝန်ရှိသူက မဇ္ဈိမ ကို ဖြေကြားသည်။

အလားတူ စမ်းချောင်းပင်မ သပိတ်စစ်ကြောင်းကလည်း ရန်ကုန်မြို့တစ်နေရာရှိ စာသင်ကျောင်းအတွင်းဝင်၍ People Power အဖွဲ့နှင့် ပူးပေါင်းကာ “ ၇ ဇူလိုင် စိတ်ဓာတ်ကိုင်ဆွဲပြီး တိုက်ပွဲဝင်ကြ “ စာတန်းအားချိတ်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်တွန်းလှုံ့ဆော်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

"မတရားသဖြင့် အာဏာသိမ်းထားတဲ့ စစ်တပ်ကို တော်လှန်နေတဲ့ တလရ အင်အားစုတွေက ဘယ်တော့မှ သွေးမအေးဘူးဆိုတာကိုပြသချင်ပြီး 7th July မှာ မှ မဟုတ်ဘဲ တလရ အတွက် အသက်ပေးလိုက်ရတဲ့ အပြစ်မရှိအသက်ပေါင်းများစွာရဲ့ စိတ်ဓာက်ကိုင်စွဲပြီး ဆက်လက် တိုက်ပွဲဝင်သွားပါမယ်ဆိုတာနဲ့ အရမ်းကိုလက်နက်တွေပေါပြီး လုံခြုံရေးတင်းကြပ်ပါတယ်ဆိုတဲ့ စစ်တပ်ကြီးရဲ့ လုံခြုံရေး လျော့ရဲလာမှုကို ပြချင်တာရယ်ကြောင့်ပါရှင့်" ဟူ၍ စမ်းချောင်းပင်မ သပိတ်စစ်ကြောင်း၏ ဒုတိယ ဥက္ကဋ္ဌ က ပြောသည်။

ဆဲဗင်းဇူလိုင်ကို မမေ့စေရန် ရည်ရွယ်၍ ဇူလိုင်လ ၆ ရက်နေ့ကလည်း  Kyimyindaing Networks (KMD18) နှင့်  Mayangone Democratic Front (MDF) တို့ပူးပေါင်းကာ "7.7.62 မ မေ့ကြနဲ့" စာတန်းဖြင့် တော်လှန်ရေးအင်အားစုများအား  ဆဲဗင်းဂျူလိုင်စိတ်ဓါတ်ကိုင်ဆွဲ၍ဆက်လက်တိုက်ပွဲဝင်ကြရန် နှင့် အကြမ်းဖက်စစ်တပ် ဆန့်ကျင်ရေး အာဏာဖီဆန် တော်လှန်ပုန်ကန် လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

၁၉၆၂ ခုနှစ် ဆဲဗင်းဇူလိုင် အရေးအခင်းနှင့် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးနှစ်ခု နှိုင်းယှဉ်ကြည့်လျင် သိသာထင်ရှားပြီး တူညီသည့် အဖြေရှိကာ ခေတ်တိုင်း၏ အာဏာရှင်တိုင်းသည် တိုင်းပြည်နှင့် လူထုအပေါ် ဘယ်သောအခါမှ ကောင်းကျိုးမပြုသော သူများဖြစ်ပြီး ကွဲခြားချက်အနေဖြင့် ဆဲဗင်းဇူလိုင်ကာလ ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်သည့်အာဏာရှင်များက ၎င်းတို့ ထိုင်နေသည့် ပုလ္လင်ကို ကိုင်လှုပ်နိုင်သောသူများမှာ ကျောင်းသားတွေ ဖြစ်သည့်အတွက် အဆိုပါအချိန်ကာလက ကျောင်းသားတွေကို ပစ်မှတ်ထားပြီး သတ်ဖြတ်ခဲ့ပြီး ယခု အချိန် အာဏာရှင် စစ်ခေါင်းဆောင်၏ ပုလ္လင် ကို ကိုင်လှုပ်နိုင်သည်မှာ ကျောင်းသားများအပြင် လူထုပါ ပါဝင်လာခဲ့ခြင်းဖြစ်တဲ့အတွက် မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာရှင် လူတစ်စုသည် ကြောက်ရမ်းရမ်းကာ အကြမ်းဖက်သတ်ဖြတ်မှုများပြုလုပ်နေခြင်းဖြစ်ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု တာဝန်ရှိသူက ၎င်း၏ အမြင်နှင့်သုံးသပ်ချက်ကိုပြောသည်။

"ဆဲဗင်းဇူလိုင်" အရေးအခင်းပေါ်ပေါက်လာရခြင်းမှာ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းစစ်တပ်၏ ဖြိုခွင်းသတ်ဖြတ်မှုများကြောင့် တက္ကသိုလ်ကျောင်းသား  ရာကျော်သေဆုံးခဲ့သည့် ဖြစ်ရပ်မှ စတင်သည်။ဇူလိုင်လ ၈ ရက်နေ့တွင်  ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးအား  ဒိုင်းနမိုက်များနှင့် ဖောက်ခွဲခဲ့သည်။ယနေ့သည် "ဆဲဗင်းဇူလိူင်" အရေးအခင်း (၆၁) နှစ်ပြည့်ဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly