တဦးတယောက်အတွက်ကြောင့် တော်လှန်ရေးကို အထိခိုက်ခံမည်မဟုတ်ဟု ကလလတ ပြော

By ဂျူချန်း (မဇ္ဈိမ)
04 July 2023
တဦးတယောက်အတွက်ကြောင့် တော်လှန်ရေးကို အထိခိုက်ခံမည်မဟုတ်ဟု ကလလတ ပြော
ဓါတ်ပုံ- ၂၀၂၀၊ ဇွန်လ ၂၆ ရက်နေ့၊ ကလလတ ၄၂ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှပုံ

တဦးတယောက်အတွက်ကြောင့် တော်လှန်ရေးကိုအထိခိုက်ခံမည်မဟုတ်ကြောင်း ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)၏ ပြောရေးဆိုခွင့်ရှိသူ တွဲဘက်အထွေထွေ အတွင်းရေးမှူး ရဲဘော်လော်ရင်းစိုးက မဇ္ဈိမသို့ပြောသည်။

တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းရန်အသင့်ရှိကြောင်း  ကလလတ၏ ဇူလိုင် ၁ ရက်နေ့ ထုတ်ပြန် ချက်အပေါ်ဆန့်ကျင်ကြောင်း ကလလတ-ငြိမ်းချမ်းရေးအဖွဲ့ (လွိုင်ကော်ခရိုင်)  ဒုတိယဥက္ကဋ္ဌ ထူးကော်က ထုတ်ပြန်လာမှုအပေါ် တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

ကလလတ-ငြိမ်းချမ်းရေးအဖွဲ့(လွိုင်ကော်ခရိုင်) ဒုတိယဥက္ကဋ္ဌ ထူးကော်၏လက်မှတ်ဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း ဆိုထားခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကလလတအနေဖြင့် ဇူလိုင် ၁ ရက်နေ့ထုတ်ပြန်ချက်ကို ဗဟိုကော်မတီဝင်နှင့် အရံဗဟိုကော်မတီဝင် ၉၀ ရာခိုင်နှုန်းကျော်၏ သဘောထားဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ရဲဘော် လော်ရင်းစိုးက ပြောသည်။

ထို့ပြင် ကလလတအနေဖြင့် စစ်ကောင်စီကိုအဆုံးတိုက်ထုတ်သွားမည်ဖြစ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ(NUG) အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း ဆိုသည်။

“ ကျနော်တို့ အဖွဲ့အစည်းရဲ့ ရပ်တည်ချက်ကတော့ အာဏာရှင်စနစ်ကို အမြစ်ပြတ်တဲ့အထိ ပြည်သူလူထု နဲ့ အတူ ရပ်တည်သွားမယ်လို့ တရားဝင်ကြေညာထားပါတယ်။ သူတို့လို တဦးတယောက်နဲ့ ဒီကိစ္စကို အထိခိုက်ခံမှာမဟုတ်ဘူး။ ပြီးတော့ စစ်အုပ်စုနဲ့ပူးပေါင်းတဲ့ပုဂ္ဂိုလ်မှန်သမျှက ပြည်သူလူထုရဲ့ ရန်သူဖြစ် မှာပဲ။ နောက် ကျနော်တို့ရဲ့ရန်သူဖြစ်မှာပဲ။ ခုသူထုတ်ပြန်တဲ့ဟာက ကလလတရဲ့မူအရ တရားမဝင်ပါဘူး။ ဗဟိုကော်မတီသဘောတူညီချက် မဟုတ်ဘဲနဲ့ သူထုတ်ပြန်တဲ့အတွက် သူ့မှာပစ်မှုရှိပါတယ်” ဟု (ကလ လတ) ပြောရေးဆိုခွင့်ရှိသူ တွဲဘက်အထွေထွေအတွင်းရေးမှူး ရဲဘော်လော်ရင်းစိုးက မဇ္ဈိမသို့ပြောသည်။

မယ်စဲ့မြို့၌ တိုက်ပွဲမစတင်မီကာလတွင် အဖွဲ့အစည်းအနေဖြင့် ရဲဘော်ထူးကော်ကို အကြိမ်ကြိမ်ဆွေးနွေး ခဲ့သော်လည်း ၎င်း၏ကိုယ်ကျိုးစီးပွားကြောင့် စစ်ကောင်စီ၏ အသုံးချခံနေရခြင်းဟု ကလလတ ဗဟို ကော်မတီမှ ဇူလိုင်လ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်တွင် ရဲဘော်ထူးကော်အနေဖြင့် ရန်သူနှင့်ပူးပေါင်းပြီး အဖိနှိပ်ခံပြည်သူများ၊ တော်လှန် ရေးနှင့် မိခင်အဖွဲ့အစည်းဖြစ်သည့် ကလလတကို မဆန့်ကျင်မိစေရန်နှင့် ရန်သူ့အကြိုက် လိုက်လုပ်နေ သည့် လုပ်ရပ်များကိုရပ်တန့်စေလိုသည်ဟု သတိပေးထားသည်။

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ ကလလတ-ငြိမ်းချမ်းရေးအဖွဲ့(လွိုင်ကော်ခရိုင်)ဒုတိယဥက္ကဋ္ဌ ထူးကော်ထံမဇ္ဈိမမှ ဆက်သွယ်ရန်ကြိုးပမ်းနေသော်လည်း အဆက်အသွယ် မရရှိသေးပေ။

ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) (KNPLF) အဖွဲ့အစည်းတွင် ဗဟိုကော်မတီဝင် ၃၀ ဦးနှင့် အရံဗဟိုကော်မတီဝင် ငါးဦး စုစုပေါင်း ၃၅ ဦးရှိပြီး ရဲဘော်ထူးကော်သည် ကလလတ ဗဟိုကော်မတီဝင် ဒုတိယဥက္ကဋ္ဌ (၂) ဖြစ်သည်။

ကလလတ ကို နအဖ စစ်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်မှစတင်ကာ နယ်ခြားစောင့်တပ် (BGF) အဖြစ် ဖိအားပေးအသွင်ပြောင်းခံထားရကာ လက်ရှိတွင်မယ်စဲ့နှင့် ရွာသစ်မြို့ရှိ BGF အသွင်ပြောင်း ကလလတ တပ်ရင်းနှစ်ခုသည် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်လျက်ရှိသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly