တပ်ချုပ်ကို သရော်၍ ဖမ်းခံရသည့် ဦးပက်ထရစ်ခွန်ဂျာလီ ပြန်လွတ်ပြီ

တပ်ချုပ်ကို သရော်၍ ဖမ်းခံရသည့် ဦးပက်ထရစ်ခွန်ဂျာလီ ပြန်လွတ်ပြီ
(ဓာတ်ပုံ- မမေစံပယ်ဖြူ ဖေ့စ်ဘုတ်)

ရန်ကုန်၊ ဧပြီ ၁ ။         ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်ကို သရော်ထားသည့် ဓာတ်ပုံကို လူမှုကွန်ယက် စာမျက်နှာတွင် မျှဝေသဖြင့် ဆက်သွယ်ရေး ဥပဒေ ပုဒ်မဖြင့် ထောင်ဒဏ် ၆လ ကျခံရသည့် ဦးပက်ထရစ်ခွန် ဂျာလီ ဧပြီ ၁ရက် နံနက်ပိုင်းက အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။

"ဒီနေ့လွှတ်လာတာကို ဝမ်းသာတယ်။ ဒါပေမယ့် အင်းစိန်ထောင်ထဲမှာ အကျဉ်းကျတာ လူ ၈ထောင်ကျော်ရှိတယ်။ တချို့ကျတော့ မတရားအမှုတွေနဲ့ စွဲခံထားရသူတွေ အများကြီးပါ။ အစိုးရသစ်က အရပ်သားစစ်စစ်အုပ်ချုပ်တာ ကျွန်တော်တို့ ဘဝမှာ မကြုံဖူးသေဘူး။ အရမ်းစိတ်လှုပ်ရှားတယ်။ ထောင်ထဲမှာကျန်နေသေးတဲ့ ကျောင်းသားတွေ အကျဉ်းသားတွေကို လွှတ်ဖို့ကိုမျှော်လင့်တယ်"ဟု ဦးပက်ထရစ်ခွန် ဂျာလီက မဇ္ဈိမကို ပြောသည်။

ဧပြီ ၁ရက်တွင် အင်းစိန် အကျဉ်းဦးစီးမှ လွတ်မြောက်လာသူ ၁၁၇ဦးရှိသည့်အနက် နိုင်ငံရေးအမှုဖြင့် လွတ်မြောက်လာသူမှာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မဖြင့် ထောင်ကျသူ ဦးပက်ထရစ်ခွန်ဂျာလီ တစ်ဦးသာ ပါဝင်ခဲ့သည်ဟု ၎င်းကပြောသည်။

ဦးပက်ထရစ်ချာလီကို လှိုင်မြို့နယ် တရားသူကြီးက ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် ဆက်သွယ်ရေး ပုဒ်မ ၆၆(က) ဖြင့် ထောင်ဒဏ် ၆လ အမိန့်ချခဲ့သည်။ အကျဉ်းထောင်တွင် အသက်ရှူမွန်းကျပ်သည့် ရောဂါရှိသောကြောင့် အရေးပေါ်ခန်းတွင် ၅လ၊ ပုံစံထိုင်သည့် ဌာနတွင် ၁၅ရက် ဖြင့် နေထိုင်ခဲ့ရသည်ဟု ၎င်းက ပြောသည်။

"မနက် ၉နာရီက လွတ်တာ။ ကျွန်မ အမျိုးသားလွတ်တာ သမ္မတအသစ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့မဆိုင်ပါဘူး။ သူအချုပ်ရက်စေ့လို့လွှတ်တာပါ" ဟု ဦးပက်ထရစ်ခွန် ဂျာလီ အမျိုးသမီး ဒေါ်မေစံပယ်ဖြူက မဇ္ဈိမကို ပြောသည်။

တပ်ချုပ်ပုံကို ခြေဖြင့်နင်းထားသည့် ပုံကို လူမှုကွန်ယက်စာမျက်နှာတွင် ဖြန့်ဝေခဲ့သည်ဟု ဆိုကာ ၂၀၁၅  ခုနှစ် အောက်တိုဘာလ ၁၄ရက်က ရန်ကုန်တိုင်း စစ်ဌာနမှ အရာရှိက တရားလိုပြုကားတိုင်ခဲ့သည်။

ရုံးထုတ်စစ်ဆေးချိန်များတွင် ဦးခွန်ဂျာလီ၏ ကျန်းမာရေးအခြေအနေကြောင့် ၎င်း၏ရှေ့နေက အာမခံပေးရန် အကြိမ်ကြိမ် လျှောက်ထားခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။ ၎င်းက ယင်းအမှုနှင့် ပတ်သက်ပြီး အပြစ်မရှိကြောင်း ချေပရန် အယူခံဝင်ခဲ့ပြီး ဧပြီ ၇ရက်တွင် အနောက်ပိုင်းခရိုင် တရားရုံးက အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly