ရေးမြို့နယ်အတွင်းရှိ နှစ်ကရင်ရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက် 

By YT (မဇ္ဈိမ)
25 June 2023
ရေးမြို့နယ်အတွင်းရှိ နှစ်ကရင်ရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက် 

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာရှိ နှစ်ကရင်ရဲစခန်းအား KNLA ၊ PDF ပူးပေါင်း တပ်ဖွဲ့ကဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း တောင်ပိုင်းတိုင်း J.O.C (Joint Commanding Office) အမှတ်(၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတဦးထံမှ သိရသည်။

“ပင်လယ်ကမ်းစပ်မှာရှိတဲ့ နှစ်ကရင်ရဲစခန်းကို KNLA တပ်ရင်း(၂၇)၊ PDF ပူးပေါင်းစစ်ကြောင်းက ဝင် ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီအင်အား ၃၀ ကျော်ရှိပါတယ်” ဟု တောင်ပိုင်းတိုင်း J.O.C၊ အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

ယနေ့ ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်မှစတင်၍ ရေးမြို့နယ် နှစ်ကရင်ရဲစခန်းအား တပ်မဟာ (၆) KNLA တပ်ရင်း (၂၇)၊ PDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မွန်းလွဲ ၂ နာရီ အထိ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဆိုသည်။

နှစ်ကရင်ရဲစခန်းအတွင်း၌ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားများမရှိသည်မှာ ကြာပြီဖြစ်သော်လည်း ရေးမြို့နယ်အတွင်း လှုပ်ရှားရန်ရောက်လာသော အင်အား ၃၀ ဝန်းကျင်ရှိ စစ်ကောင်စီစစ်ကြောင်း အဆိုပါ ရဲစခန်းအတွင်း အထိုင်ချနေသဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
နှစ်ဖက်တိုက်ပွဲဖြစ်ပွားချိန် နှစ်နာရီကျော်အတွင်း စစ်ကောင်စီဘက်က Mi 35 ရဟတ်ယာဉ်အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်လာသဖြင့် KNLA တပ်ရင်း (၂၇)၊ PDF ပူးပေါင်းတပ်ဖွဲ့အနေဖြင့် ပြန်လည်ဆုတ် ခွာခဲ့ရပြီး ရဟတ်ယာဉ်ဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံများ၏နေအိမ်များတွင် ကျရောက်ပေါက်ကွဲမှုများရှိ ကြောင်း သိရသည်။
“စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ပစ်ခတ်လို့ ကျေးရွာထဲကလူနေအိမ်တွေထဲ ကျရောက်ပေါက်ကွဲတာရှိပါ တယ်။ ရမ်းသန်းပစ်ခတ်တာကလည်း လူနေအိမ်တွေကို ထိပါတယ်” ဟု တောင်ပိုင်းတိုင်း J.O.C ၊ အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင်ဖြစ်ပွားခဲ့သော အဆိုပါပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်တွင် အထိ အခိုက်၊ အကျအဆုံးများနိုင်သော်လည်း အတိအကျအား စုံစမ်းစစ်ဆေးနေဆဲသာဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့ကလည်း ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကွီလုံတိုင် စစ်ကောင်စီ တပ်စခန်းအား ရိက္ခာနှင့်လက်နက်ခဲယမ်းများထောက်ပို့ရန်လာသော အင်အား ၅၀ ကျော်ပါ စစ်ကောင်စီ တပ်စစ်ကြောင်းအား KNLA ၊ SOF ၊ PDF ပူးပေါင်းစစ်ကြောင်းမှ ကြားဖြတ်တိုက်ခိုက်ခဲ့သေးသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူးအပါအဝင် သုံးဦးသေဆုံး၍ ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဆိုသည်။

စာတည်း။   ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required