ဖယ်ခုံအနောက်ခြမ်း ၁၀ ရက်ကျော်တိုက်ပွဲအတွင်း စစ်တပ်အရာရှိ အပါအဝင် အများအပြားသေဆုံး

By 001 (မဇ္စျိမ)
15 June 2023
ဖယ်ခုံအနောက်ခြမ်း ၁၀ ရက်ကျော်တိုက်ပွဲအတွင်း စစ်တပ်အရာရှိ အပါအဝင် အများအပြားသေဆုံး

ကရင်နီပြည်နယ်၊ ဖယ်ခုံအနောက်ခြမ်း၊ ခေါင်းအိကျေးရွာအုပ်စုတွင် ဇွန်လ ၃ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဖြစ်ပွားခဲ့သော ၁၀ ရက်ကျော်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးအပါအဝင် အများအပြားသေဆုံးခဲ့ကြောင်း ဖယ်ခုံ PDF က ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီ၏ တပ်မ (၆၆) လက်အောက်ခံ တပ်ရင်းများက ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စု၊ ခေါင်းအိကျေးရွာနှင့် စက်တော်ကျေးရွာသို့ ထိုးစစ်ဆင်လာခဲ့သည့်အတွက် PDF၊ KNDF ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ခဲ့ခြင်းဟု ဆိုသည်။

“ စစ်ကောင်စီ အရာရှိဆိုတာက သုံးပွင့်အဆင့်ပေါ့နော်။ သုံးပွင့်အဆင့် တစ်ယောက်ပါတယ်။ အခု လက်ရှိလည်းတိုက်ပွဲတွေ ဖြစ်နေသေးတယ် ” ဟု ဖယ်ခုံ PDF၊ တပ်ရင်း (၁၀၀၂) မှ ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးကပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးအဆမတန်ပစ်ခတ်မှုများကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များဘက်မှ ရဲဘော်နှစ်ဦးအသက်ပေးခဲ့ရပြီး ရဲဘော်အချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖယ်ခုံ PDF က ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကောင်စီတပ်ထံမှ သေနတ်နှစ်လက်နှင့် ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်ဟုလည်း ဖယ်ခုံ PDF က ဖော်ပြထားသည်။

၁၀ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂၇ ဦးသေဆုံးသည်ဟု ဖယ်ခုံ PDF မှထုတ်ပြန်ထားသော်လည်း မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နှင့်နီးစပ်သည့် ဖယ်ခုံအနောက်ခြမ်းသည် နယ်မြေအနေအထားအရ အရေးပါ၍ စစ်တပ်မှနယ်မြေစိုးမိုးနိုင်ရေး ထိုးစစ်ဆင်နေခြင်းဟု ကရင်နီပူးပေါင်းတပ်များက သုံးသပ်ကြသည်။

“ စစ်ကောင်စီက တပ်အင်အားထပ်ဖြည့်တယ်။ စစ်ကြောင်းတွေဖြန့်ပြီးတော့ စစ်ကြောင်းဆက်ထိုးတုန်းပဲ။ သူတို့က ထိခိုက်ကျဆုံးမှုများသော်ငြားလည်း စစ်အင်အား၊ လူအင်အား ထပ်ဖြည့်ပြီး ထပ်တက်လာတဲ့အနေအထားမျိုး ဖြစ်ပါတယ်”ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးက ဇွန်လ ၁၂ ရက်တွင် မဇ္စျိမကို ဖြေဆိုဖူးသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကို အဓိကထားပြုလုပ်နေပြီး ဇွန်လ ၁၄ ရက်နေ့ ညပိုင်းကလည်း မိုးဗြဲ - ဖယ်ခုံအစပ်တစ်နေရာတွင် လေကြောင်းဖြင့် ဗုံးလာကြဲခဲ့ကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required