သံလွင်တံတားပေါ်တွင် စစ်ကားက ဆိုင်ကယ်ကိုဝင်တိုက်၊ စစ်သားနှင့် ဆိုင်ကယ်မောင်းသူ သေဆုံး

By ဂျူချန်း (မဇ္ဈိမ)
14 June 2023
သံလွင်တံတားပေါ်တွင် စစ်ကားက ဆိုင်ကယ်ကိုဝင်တိုက်၊ စစ်သားနှင့် ဆိုင်ကယ်မောင်းသူ သေဆုံး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမမြို့မှ မော်လမြိုင်မြို့သို့ သွားသည့် သံလွင်တံတားပေါ်တွင် FAW အမျိုးအစား စစ်ကားကြီး တစ်စီးသည် ဆိုင်ကယ်နှစ်စီးကို တိုက်မိရာမှ ဆိုင်ကယ်မောင်းသူ အမျိုးသားတစ်ဦး တံတားအောက်သို့ ပြုတ်ကျသေဆုံးပြီး စစ်ကားလည်းတိမ်းမှောက်ခဲ့ရာ စစ်သားတစ်ဦးလည်း သေဆုံးခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် မုတ္တမမြို့မှ မော်လမြိုင်မြို့ဘက်သို့ မောင်းနှင်လာသည့် စစ်ကားကြီး တစ်စီးသည် မော်လမြိုင်မြို့သို့အဝင် သံလွင်တံတားပေါ်တွင် ကားကျော်တက်ရာမှ တစ်ဖက်ယာဉ်ကြောတွင် မောင်းနှင်လာသည့် ဆိုင်ကယ်နှစ်စီးကို တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် မုတ္တမမြို့တွင် နေထိုင်သည့် ဆိုင်ကယ်သမားတစ်ဦးသည် တံတားပေါ်မှ ပြုတ်ကျပြီး ခါးရိုးကျိုးကာ သေဆုံးခဲ့ကြောင်း သိရသည်။ 

ဆိုင်ကယ်နှစ်စီးကို ဝင်တိုက်မိသည့် စစ်ကားသည်လည်း အရှိန်လွန်ကာ တံတားဘောင်ကို တိုက်မိရာမှ တိမ်းမှောက်သွားခဲ့ပြီး စစ်ကားပေါ်ရှိ စစ်သားတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဆိုင်ကယ်သမားက တစ်ယောက်ပဲ၊ စစ်ကားပေါ်ကတစ်ယောက် သေသွားတယ်၊ အဲ့ဒါပြီးတော့ တံတားကို ပိတ်ထားတယ်၊ နှစ်ဖက်လုံးကို ခဏပိတ်လိုက်တာ၊ ကားကို သယ်ပြီးတော့မှ ပြန်ဖွင့်ပေးလိုက်တာ” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

၎င်းဆိုင်ကယ် နောက်တွင် စီးနင်းလိုက်ပါလာသည့် အမျိုးသားနှင့် နောက်ထပ် ဆိုင်ကယ်သမားတစ်ဦးတို့သည်လည်း ထိခိုက်ဒဏ်ရာများ ရရှိသွားပြီး မော်လမြိုင် ကုတင် ၃၀၀ ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပြီးနောက် သံလွင်တံတားကို ပိတ်လိုက်သဖြင့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့ပြီး ယင်းနေ့ ညနေ ၄ နာရီခွဲကျော်တွင် ပြန်လည်သွားလာခွင့်ပြုလိုက်ကြောင်း သိရသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။     ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required