ပေါင်မြို့တွင် သေနတ်ဖြင့် ပစ်ခတ်ခံရသည့် အရပ်သား ထိခိုက်ဒဏ်ရာရ 

By YT (မဇ္ဈိမ)
13 September 2023
ပေါင်မြို့တွင် သေနတ်ဖြင့် ပစ်ခတ်ခံရသည့် အရပ်သား ထိခိုက်ဒဏ်ရာရ 
ပုံအညွှန်း- ပေါင်မြို့အဝင်ဆိုင်းဘုတ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်ကျေးရွာတွင် ဒေသခံအမျိုးသားတဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။ 

ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့၊ နံနက် ၈ နာရီဝန်းကျင်က  ရင်းငြိမ်တောင်ကျေးရွာ၊ တောင်ပေါ်တန်းတွင် နေထိုင်သည့် အသက် ၆၈ နှစ်အရွယ်ရှိ ဦးကျားကြီးသည် ၎င်း​၏ နေအိမ်ဘေးကပ်လျက်ရှိ ဓမ္မရုံဘုန်းကြီးကျောင်း ဆွမ်းချက်ဆောင်ပြိုကျမှုအား ပြုပြင်ဆောက်လုပ်ရန် ဘုန်းကြီးကျောင်းရှေ့၌ ရှိနေစဉ်တွင် လူနှစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်သည်။ 

" ကိုကျားကြီးဆိုတဲ့သူပါ။ သူ့ရဲ့အိမ်ဘေးကပ်ရပ်က ဘုန်းကြီးကျောင်းမှာ ဆွမ်းချက်ဆောင် ပြိုကျတာကို သွားကြည့်တာကို လူနှစ်ယောက်က လာပြီးတော့ တယောက်က ဆိုင်ကယ်ကိုရပ်ထားတယ်။ နောက်တယောက်က ပစ်သွားတယ်၊ ပစ်တာတော့ ခေါင်းကိုပစ်တာပဲ  " ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။ 

ပေါင်ရင်းကျည်ထိမှန်ဒဏ်ရာ ရရှိထားသည့် ၎င်းသည်  ရင်းငြိမ်တိုက်နယ်ပြည်သူ့ဆေးရုံ မှတဆင့် သထုံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့ ဆေးကုသမှုခံယူနေရကြောင်း၊ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။ 

ဒေသခံတဦး​က ဦးကျားကြီးသည် ရပ်ရွာအကျိုးပြု ပရဟိတလုပ်ငန်းများ လုပ်ကိုင်သူဖြစ်ကြောင်း ပြောသည်။  

" သူကတော့ ပရဟိတသမားပဲ။ သူက ရပ်ရွာရဲ့ အကျိုးစီးပွားကို ဟိုးနှစ်ပေါင်းများစွာကတည်းက ဆောင်ရွက်ခဲ့တာ။ အထူးအားဖြင့်တော့ ဒီအထက်တန်းကျောင်းက ကျောင်းသူ၊ကျောင်းသားတွေ ယာဉ်အန္တရာယ်ကင်းရှင်းဖို့ ဆောင်ရွက်ခဲ့တာ နှစ်ပေါင်းကြာပါပြီ။ စိတ်ရင်းလည်း ကောင်းပါတယ်။ မိုးထဲရေထဲမှာလည်းပဲ ဒီကိစ္စတွေကို တက်တက်ကြွကြွနဲ့ ဆောင်ရွက်ပေးတယ်" ဟု သံဃာတပါးက မဇ္ဈိမကို မိန့်သည်။ 

ဦးကျားကြီး သေနတ်ဖြင့် ပစ်ခတ်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ ဒေသတွင်းလက်နက်ကိုင် အဖွဲ့အစည်းများက တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းများ မရှိသေးဘဲ မဇ္ဈိမအနေဖြင့်လည်း စုံစမ်းအတည်ပြုနေဆဲသာဖြစ်သည်။

ပေါင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲ၊ နယ်ထိန်း၊ စစ်မှုထမ်းဟောင်း၊ ပြည်သူ့စစ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၊ စစ်ကောင်စီလက်အောက်ခံ တပ်ရင်း၊ တပ်စခန်း၊ ရဲစခန်း၊ အုပ်ချုပ်ရေး ဌာနဆိုင်ရာရုံးများသည် တော်လှန်ရေးအင်အားစုများ​၏ မကြာခဏ ပစ်ခတ်ခံရလေ့ရှိသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly