မန္တလေးတွင် စစ်ကောင်စီ နေရာနှစ်ခု ဗုံးပစ်ခံရ၊ စစ်ကောင်စီအတွက် ၀င်ငွေရှာပေးသည့်နေရာများဖြစ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ဟုဆို

By 007 (မဇ္စျိမ)
11 June 2023
မန္တလေးတွင် စစ်ကောင်စီ နေရာနှစ်ခု ဗုံးပစ်ခံရ၊ စစ်ကောင်စီအတွက် ၀င်ငွေရှာပေးသည့်နေရာများဖြစ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ဟုဆို

မန္တလေးမြို့တွင် ယမန်နေ့ ဇွန်လ ၁၀ ရက်က စစ်ကောင်စီ၏ ယာဉ်ထိန်းရဲတပ်ဖွဲ့ လိုင်းခန်းနှင့် မြန်မာ့အာမခံလုပ်ငန်းရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း မန္တလေးအခြေစိုက်No More Dictatorship People Defence Force( NMD PDF)  က ယနေ့ ဇွန်လ ၁၁ ရက် နေ့လယ်ပိုင်းတွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ နေ့လယ် ၃ နာရီခွဲခန့်က  ချမ်းအေးသာစံမြို့နယ် ၆၃ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ မန္တလေးတိုင်း မြန်မာ့အာမခံလုပ်ငန်း(ရုံး) နှင့် ည ၈ နာရီခန့်တွင် အောင်မြေသာစံမြို့နယ် ၁၈ လမ်း၊ ၈၂ လမ်းနှင့် ၈၃ လမ်းကြားရှိ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ နေထိုင်ရာလိုင်းခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“လမ်းပေါ်မှာ ပြည်သူတွေဆီက အကြောင်းမရှိ၊ အကြောင်းရှာပြီးငွေညှစ်ရာမှာ အဓိကလုပ်ဆောင်နေတဲ့ ဘဲဥ( ယာဥ်ထိန်းရဲ)တွေကို ပြည်သူလူထုကိုယ်စား ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

 မြန်မာ့အာမခံလုပ်ငန်း(ရုံး)သည် ယာဉ်လိုင်စင်သက်တမ်းတိုးရာတွင် အရေးပါသောရုံးဖြစ်ခြင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့သည် ယာဉ်အသုံးပြုသူများအား အကြောင်းအမျိုးမျိုးပြကာ စစ်ကောင်စီအတွက် ၀င်ငွေရှာဖွေပေးနေခြင်းတို့ကြောင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း NMD PDF တာ၀န်ရှိသူတစ်ဦးက ဆိုသည်။ 

မြန်မာ့အာမခံလုပ်ငန်း(ရုံး)တိုက်ခိုက်ခံရမှုတွင် ရုံးအဆောက်အအုံနှင့် ရုံးတွင်းရပ်ထားသော ကားတစ်စီး ထိခိုက်ပျက်စီးမှုရှိကြောင်း၊ ယာဉ်ထိန်းလိုင်းခန်းတိုက်ခိုက်ခံရမှုတွင်  ထိခိုက်မှုတချို့ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့် မေလအတွင်းကလည်း ချမ်းမြသာစည်မြို့နယ် အခွန်ရုံးနှင့် ပြည်ကြီးတံခွန်မြို့နယ် အခွန်ရုံး၊ အမရပူရမြို့နယ် မြို့မ ရဲစခန်းနှင့် လ၀ကရုံးတို့ ဗုံးပစ်တိုက်ခိုက်ခံခဲ့ရပြီးလူထိခိုက်သေဆုံးမှုနှင့် နေအိမ်အဆောက်အအုံပျက်စီးမှုတို့ရှိခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required