နတ်သံကွင်းတွင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ၅ ဦးဒဏ်ရာရ

By YT (မဇ္ဈိမ)
07 June 2023
နတ်သံကွင်းတွင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ၅ ဦးဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ နတ်သံကွင်း မြို့တွင်ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းမှတိုက်ခိုက်မှု၊ လက်နက်ကြီး ဖြင့်ပစ်ခတ်မှုတို့ကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရခဲ့ကြောင်း KNLA သတင်းရင်းမြစ် တဦးထံမှ သိရသည်။

ဇွန်လ ၆ ရက်နေ့ နံနက်အစောပိုင်းမှစ၍ နတ်သံကွင်းမြို့ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်၏ ပစ်မှတ် ငါးခုကို တပ်မဟာ (၃)နှင့် KNLA ပါဝင်သော ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များက တပြိုင်နက် စီးနင်းတိုက်ခိုက်ခဲ့သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းသာမက ဂျက်ဖိုက်တာသုံးစင်း အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုပါပြုလုပ်ခဲ့သည်။

ထိုသို့တိုက်ခိုက်မှုကြောင့် ဗုံးသီးများသည် ဒေသခံများ၏နေအိမ်များအပေါ် ကျရောက်ပေါက်ကွဲခဲ့ရာမှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

“ဒဏ်ရာရသူ ငါးဦးရှိပါတယ်။ အမျိုးသမီးသုံးဦးနဲ့ ငါးနှစ်အရွယ် ကလေးငယ်နှစ်ဦးပါ။ လက်ရှိမှာတော့ ဘေးလွတ်ရာမှာရှိနေကြပါတယ်။ နတ်သံကွင်းမြို့၊ နောင်ကုန်းရွာ၊ ရန်မျိုးအောင်ကျေးရွာတွေကပါ။ အရမ်းမပြင်းထန်ပါဘူး သက်သာနေကြပါပြီ” ဟု တပ်မဟာ (၃) KNLA တပ်ခွဲမှူးတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

တိုက်ပွဲများအတွင်း KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်များ၏ စစ်အင်အားဖြည့်ခြင်း၊ ရိက္ခာ၊ လက်နက်ခဲယမ်း ပို့ဆောင်ရာတို့တွင်အဓိကအသုံးပြုသော စစ်တောင်းတံတားနှင့် နတ်ရွာတံတား အား မိုင်းခွဲဖျက်ဆီးခဲ့သည်။

“ဒီနေ့မနက် စစ်ကောင်စီအင်အား ၅၀ ဝန်းကျင်က စစ်တောင်းအနောက်ဘက်ခြမ်း၊ ကွင်းချောင်းဝရွာ နားမှာ စခန်းချနေတာကို ဒေသခံတွေသွားလာရင်းတွေ့ကြတယ်။ အရှေ့ဘက်ကို စစ်အင်အား ထပ်တိုးဖို့ ဖြစ်မယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမသို့ ပြောသည်။

ထို့ပြင် ဇွန်လ ၆ ရက်နေ့က ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် နတ်သံကွင်းမြို့အရှေ့ဘက်ရှိ ရေတွင်း ကုန်းကြီးနှင့်ဘုံသဘောကျေးရွာများမှ ဒေသခံများသာမက ကျောက်တံခါးမြို့နယ်၊ စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ ကျေးရွာများမှ ဒေသခံများပါ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဇွန်လ ၆ ရက်နေ့က နတ်သံကွင်းမြို့တစ်ဝိုက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ရဲနှင့် စစ်ကောင်စီ တပ်သား ၃၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့မှလည်း ရဲဘော်လေးဦး ကျဆုံး ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲ၊ ဒုတိယစစ်ဒေသခွဲမှူး ဦးတင်ဦးထံက သိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#နတ်သံကွင်း

#လေကြောင်းတိုက်ခိုက်

#လက်နက်ကြီး

#ကလေးငယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required