မုတ်သုံလေအားအလွန်ကောင်းနေ၍ နေရာကွက်မိုးကြီးမည့်သတိပေးချက် မိုးဇလထုတ်ပြန်

By ဂျူချန်း (မဇ္ဈိမ)
07 June 2023
မုတ်သုံလေအားအလွန်ကောင်းနေ၍ နေရာကွက်မိုးကြီးမည့်သတိပေးချက် မိုးဇလထုတ်ပြန်

ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းဆဲလ်၏ အရှိန်ကြောင့် မုတ်သုံလေအားအလွန်ကောင်းနေပြီး တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။

လတ်တလောရာသီဥတုအခြေအနေကို ယနေ့ ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် မိုးဇလဌာနက ထုတ်ပြန််ထားခြင်းဖြစ်သည်။

ယနေ့နံနက်ပိုင်း ရာသီဥတုအခြေအနေအရ  ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းတွင် လေဖိအားနည်းဆဲလ်တစ်ခု ဖြစ်ပေါ်နေပြီး  အဆိုပါ လေဖိအားနည်းဆဲလ်၏ အရှိန်ကြောင့် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေကြောင်း၊  တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ကျန်ဒေသများတွင်လည်း မိုးရွာနိုင်ကြောင်း သတိပေးထားသည်။

ထို့အပြင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တွင် မိုးတိမ်တောင်ဖြစ်နေပြီး မိုးတိမ်တောင်ရွေ့လျားသည့်နေရာတစ်လျှောက် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း  သတိထားထားသည်။

လာမည့် နှစ်ရက်အတွင်း  ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာနိုင်သည်ဟု မိုးဇလဌာနက ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် မြန့်မာကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းကျရောက်ကာ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့်ပေ ၉ပေမှ ၁၁ ပေခန့်အထိ ရှိနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထားသည်။

ယခုအခါ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ဝင်ရောက်နေပြီး အလယ်ပိုင်းဒေသများ၌ လေထုမငြိမ်မသက်ဖြစ်နိုင်ကြောင်းဇွန်လ ၅ရက်မှ ဇွန်လ ၁၁ရက်အတွင်း မိုးလေဝသကြိုတင်ခန့်မှန်းချက်ကို  အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ‌ဇွန်လ ၆ရက်တွင် သတင်းထုတ်ပြန်ထားသည်။

လေထုမငြိမ်မသက်ဖြစ်စဉ်ကြောင့် မိုးကြိုးပစ်ခြင်း၊ လေပြင်းကျခြင်းနှင့် မိုးသည်းထန်စွာရွာခြင်းတို့ သတိပြုရန်လည်း သတိပေးထားသည်။ မန္တလေးတိုင်း၊ ပုဂံရှေးဟောင်းနယ်မြေတွင်ယမန်နေ့ညက မိုးသည်းထန်စွာရွာခဲ့ပြီး မိုးကြိုးပစ်ခြင်းများလည်း ဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများကပြောသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly