ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းဖြစ်လာနိုင်၊ မိုးလေဝသခန့်မှန်းချက်များ ဂရုပြုနားထောင်ရန် NUG တိုက်တွန်း

By ဂန္ဒမာ(မဇ္ဈိမ)
06 May 2023
ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းဖြစ်လာနိုင်၊ မိုးလေဝသခန့်မှန်းချက်များ ဂရုပြုနားထောင်ရန် NUG တိုက်တွန်း
ပြီးခဲ့သည့် ဧပြီလက လေပြင်းဘေးကြောင့် ပျက်စီးသွားသည့် နေအိမ် ၁ လုံးအားတွေ့ရစဉ်

ဘင်္ဂလားပင်လယ်အော်တွင် မေလ ၈ရက်ခန့်မှစ၍  လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပြီး ဆိုင်ကလုန်းမုန်တိုင်းအဆင့်အထိ အားကောင်းလာနိုင်သောကြောင့် ယခုရက်ပိုင်း ရာသီဥတုအခြေအနေများကို ကြိုတင်သတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မိုးလေဝသပညာရပ်ဆိုင်ရာ လေ့လာသူများက သတိပေးသည်။

မိုးလေဝသသတင်းများ ထုတ်ပြန်ပေးနေသော MM Weather က   ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌  မေလ ၉ ရက်ခန့်မှစ၍ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပြီး မေလ ၁၀ ရက်နေ့ နံနက်ပိုင်းမှစ၍ ပိုအားကောင်းလာကာ  ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ကြောင်း ဖော်ပြထားသည်။

လတ်တလောတွင် ပင်လယ်၌လေဖိအားနည်းရပ်ဝန်းပင်မဖြစ်သေးသလို မုန်တိုင်းဖြစ်လာပါကလည်း မည်သည့်နေရာသို့ ဦးတည်ဝင်ရောက်မည်ကို အတိအကျ မခန့်မှန်းနိုင်သေးပေ။ သို့သော် မေလ ၁၁ရက်နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံဒေသအများစု၌ မိုးကောင်းနိုင်ပြီး လေပြင်းလည်း သတိပြုရန် လိုအပ်သည်ဟု MM Weather က သတိပေးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)ကလည်း နာမည်ကြီး မိုးလေဝသအေဂျင်စီနှစ်ခုဖြစ်သော GFS Model နှင့် ECMWF Model ၏ အဆိုပါမုန်တိုင်းနှင့်ပတ်သက်၍ ခန့်မှန်းချက်ကို နှိုင်းယှဉ်ဖော်ပြထားပြီး ကြိုတင်သတိပြုရန် တိုက်တွန်းထားသည်။

အာရှဒေသဆိုင်ရာ မိုးလေဝသခန့်မှန်းရေးဗဟိုဌာန (GFS Model) ၏ ခန့်မှန်းချက်အရ မေလ ၁၁ ရက်နေ့တွင် မုန်တိုင်းအဆင့်ရောက်ရှိပြီး မေလ ၁၂ ရက်နေ့တွင် မုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းနှင့်အပြိုင် မြောက်ဘက်သို့ဆက်တက်နိုင်ကြောင်း ပြသထားသည်။မေလ ၁၃ ရက်နေ့တွင်မုန်တိုင်းအဆင့်ဖြင့် မြန်မာ(မောင်တော)နှင့် ဘင်္ဂလားဒေရှ့်(စစ်တကောင်း) ကြားဖြတ်ကျော် နိုင်ကြောင်းပြသထားသည်။ မေလ  ၁၄ ရက်နေ့တွင် ကမ်းသို့ဖြတ်ကျော်ပြီး မုန်တိုင်း ပျက်ပြယ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားချက်ကို MOHADMက ယမန်နေ့ မေလ ၅ရက်ည ထုတ်ပြန်သည့်သတင်းတွင် အသေးစိတ် ရှင်းပြထားသည်။

ဥရောပကာလလတ် မိုးလေဝသခန့်မှန်းရေးဗဟိုဌာန (ECMWF) ၏ ခန့်မှန်းချက် အရ မေလ ၁၁ ရက်နေ့တွင် လေဖိအားနည်းစတင်ဖြစ်ပေါ်နိုင်ကာ မေလ ၁၂ ရက်နေ့တွင် ကပ္ပလီကျွန်းစုအနီး၌ မုန်တိုင်းငယ်အဆင့်သို့ရောက်ရှိနေပြီး မြန်မာ့မြစ်ဝကျွန်းပေါ်သို့ ဦးတည်နိုင်ကြောင်း ပြသထားသည်။ မေလ ၁၃ ရက်နေ့တွင် ဧရာဝတီတိုင်း လပွတ္တာခရိုင်၊ ကိုင်းသောင်ကျွန်းအနီးမှ အရှေ့မြောက်သို့ ဆက်ရွေ့ပြီး ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းကြားသို့ ဖြတ်ကျော်နိုင်ကြောင်း ဖော်ပြထားသည်။ မေလ ၁၄ ရက်နေ့တွင် ဧရာဝတီတိုင်းနှင့်ရန်ကုန်တိုင်းကြားသို့ ဖြတ်ကျော်နေဆဲဖြစ်ကြောင်း ခန့်မှန်းထားသည်။ 

ECMWF Model သည် အခြားသော မိုးလေဝသခန့်မှန်းရေးကွန်ပြူတာမော်ဒယ်များထက် ပို၍ တိကျသည်ကို တွေ့ရကြောင်း မိုးလေဝသအရေး လေ့လာသူများက မှတ်ချက်ပြုသည်။

အဆိုပါမုန်တိုင်းဖြစ်ပေါ်လာပါက မုန်တိုင်းရွေ့လျားမည့်လမ်းကြောင်း ပြောင်းလဲမှုနှင့်ခန့်မှန်းချက်များကို ဆက်လက်ထုတ် ပြန်ပေးသွားမည်ဖြစ်ပြီးခန့်မှန်းလမ်းကြောင်းများတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများအနေဖြင့် သတိဖြင့်နေထိုင်ကြရန်၊အချိန်ပိုင်းအလိုက် ထုတ်ပြန်ပေးနေသည့် မိုးလေဝသခန့်မှန်းချက်များကို ဂရုပြုနားထောင်ပြီး လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန်အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန(MOHADM)က တိုက်တွန်းထားသည်။

လတ်တလောရာသီဥတုအခြေအနေမှာ မြန်မာနိုင်ငံဒေသအများစုတွင် မိုးရွာသွန်းမှုမရှိသလို နေ့အပူချိန်များလည်း မြင့်တက်နေဆဲဖြစ်သည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly