အကယ်ဒမီပေးပွဲသတင်းယူမည့် အွန်လိုင်းမီဒီယာများ ငွေကျပ် ၁၀သိန်း ပေးသွင်းရမည်ဟု လူမင်းပြော

အကယ်ဒမီပေးပွဲသတင်းယူမည့် အွန်လိုင်းမီဒီယာများ ငွေကျပ် ၁၀သိန်း ပေးသွင်းရမည်ဟု လူမင်းပြော
၂ဝဝ၉ နှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု ရရှိကြသူများကို ဆုပေးပွဲ စင်မြင့်ထက်တွင် ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-မဇ္စျိမ)

ရန်ကုန်၊ မတ် ၂၉ ။        ။ ၂၀၁၄-၂၀၁၅ အကယ်ဒမီ ရုပ်ရှင် ထူးချွန်ဆုပေးပွဲ သတင်းယူမည့် မီဒီယာများအနက် အွန်လိုင်းမီဒီယာများအနေဖြင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို ငွေကျပ် ၁၀သိန်း ပေးသွင်းရမည်ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ လူမင်းက ပြောသည်။

“ဟုတ်တယ်။ ဝက်ပေါ်တင်ရင်ပေးရမယ်။ Brocasting နဲ့ ပရင့်မီဒီယာကြားမှာ ဝက်ဆိုဒ်မီဒီယာဆိုတာ ပေါ်လာတဲ့အတွက်ကြောင့်မို့ ကန့်သတ်လိုက်တာပါ’’ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ယင်းအပြင် အွန်လိုင်းမီဒီယာများ နှင့် ပုံနှိပ်မီဒီယာများ အနေဖြင့် သတင်းဌာနတစ်ခုလျှင် ကင်မရာသမားတစ်ဦး၊ သတင်းထောက်တစ်ဦး စုစုပေါင်း နှစ်ဦးသာ ဝင်ရောက်သတင်းယူခွင့် ရမည်ဟု သတင်းယူခွင့်ကို ကန့်သတ်ထားသည်။

ရုပ်သံမီဒီယာဖြစ်ပါက စပွန်ဆာပေးသည့် ကုမ္ပဏီတွေကိုပါ ပြသပေးရမည်ဖြစ်သည်။

ယင်းသို့ သတင်းယူခွင့် ကန့်သတ်မှုကို အွန်လိုင်းတီဗီသတင်းဌာန MCN TN News မှ အုပ်ချုပ်မှု ဒါရိုက်တာ ကိုအံ့ဖုန်းမြတ်က "ကျွန်တော်တို့အတွက်တော့ အဆင်မပြေဘူး။ ၂မိနစ်ခွဲစာလောက်ပြဖို့ကို ငွေ ၁၀သိန်းပေးရမယ်ဆိုတော့ အွန်လိုင်းကကြော်ငြာက တစ်ပဲ ခြောက်ပြားလောက်ရတာ အဲတော့ ဒါကို ၁၀သိန်းပေးပြီး ကာဗာ မလုပ်တော့ဘူး။" ဟု မဇ္ဈိမကို ပြောသည်။

"အကယ်ဒမီပေးပွဲမှာ ပေးမယ့်ငွေ ၁၀သိန်းကို  မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်ခံရမှု နဲ့ တရားဥပဒေ စိုးမိုးမှုမရှိတဲ့ နေရာတွေမှာပဲ အသုံးချလိုက်ပါတော့မယ်" ဟု ၎င်းက ဖြည့်စွက်ပြောသည်။

အွန်လိုင်း နှင့် ပုံနှိပ် လုပ်ကိုင်နေသည့် 7 days မီဒီယာမှ အယ်ဒီတာ ကိုသီဟကလည်း အကယ်ဒမီပေးပွဲတွင် မီဒီယာများအား အခကြေးငွေပေးမှသာ သတင်းယူခွင့်ပေးမည်ဆိုခြင်းက မီဒီယာအပေါ် အနိုင်ကျင့်ရာရောက်နေသည်ဟု ပြောသည်။

“ဒါက ဘယ်လို့နည်းနဲ့မှ သဘာဝမကျဘူး သတင်းသမားတွေရဲ့ ကျင့်ဝတ်မှာပါပြီးသား။ သတင်းယူတဲ့သူနဲ့ သတင်းပေးတဲ့သူမှာ ဘာမှပေးစရာကို မလိုဘူး။ သူတို့ကိုလည်း ကိုယ်တွေက ပေးစရာမလို့ဘူး။ သူတို့ကလည်း ကိုယ်တွေဆီက ဘာမှပေးစရာမလိုဘူး’’ ဟု ၎င်းကပြောသည်။

အကယ်ဒမီ ထူးချွန်ဆုပေးပွဲကို ဧပြီ ၃ရက်တွင် ရန်ကုန်မြို့ Myanmar Event Park တွင် ကျင်းပမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly