လက်ပံပင်သင်္ချိုင်းက စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရ၊ စစ်သား ၃ ဦးဝန်းကျင် သေဆုံး

By ဂျူချန်း (မဇ္ဈိမ)
03 June 2023
လက်ပံပင်သင်္ချိုင်းက စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရ၊ စစ်သား ၃ ဦးဝန်းကျင် သေဆုံး
ဓါတ်ပုံ-(ABSDF) ABSDF တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာရှိ လက်ပံပင်သင်္ချိုင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းအား ယနေ့ ဇွန်လ ၃ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ စစ်သားသုံးဦးထက်မနည်း သေဆုံးခဲ့ကြောင်း သွားရောက် တိုက်ခိုက်ရာတွင် ပါဝင်သည့် ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) ပြန်ကြားရေးတာဝန်ခံထံက သိရသည်။

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးမှုကို ဒေသတွင်း သတင်းရင်းမြစ်မှ အတည်ပြုထားခြင်း ဖြစ်ကြောင်း KRF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ကင်းတဲစခန်း ပျက်စီးသွားတယ်။ သုံးယောက်ကတော့ လုံးဝသေချာတယ်။ ဒီ့ထက်မနည်းဘူး သေတယ်လို့ ကြားတယ်။ မျက်မြင်သက်သေတွေလည်း ရှိတယ်။ လိုက်ထရပ်ကားနဲ့ လာသယ်သွားတယ်” ဟု KRF ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

အင်္ဂဘိုကျေးရွာ၊ လက်ပံပင်သုဿာန်တွင် အင်အား ၃၀ ဝန်းကျင်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီစခန်းအား ဇွန်လ ၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ကျိုက်ထိုတော်လှန်ရေး အင်အားစု-KRF၊ KNLA၊ Nighthawks၊ ABSDFနှင့် တောကျီးကန်း စသည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး နှစ်လုံးချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုဗုံးသီးသည် စစ်ကောင်စီတပ်စခန်း အပေါ်သို့ တည့်တည့် ထိမှန်ခဲ့ပြီး စစ်သား သုံးဦးသေဆုံးသွားခြင်းဖြစ်သည်ဟု KRF က ဆိုသည်။

ထိုတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်က လက်နက်ငယ်များအပြင်၆၀ မမ ဗုံးသီးနှစ်လုံးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း စစ်ကောင်စီ ပစ်ခတ်သည့် ဗုံးသီးနှစ်လုံးသည် ပေါက်ကွဲခြင်း မရှိကြောင်း မဇ္ဈိမက စုံစမ်း သိရှိရသည်။

အဆိုပါ လက်ပံပင်သင်္ချိုင်းရှိ စစ်ကောင်စီတပ်စခန်းသည် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ မကြာခဏ ပစ်ခတ်မှုကို ခံရလေ့ရှိသည့် စခန်းတစ်ခုဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့တွင် အင်္ဂဘိုကျေးရွာ၊ လက်ပံပင်သုဿန်အနီး “ထက်” ဆီဆိုင်နားတွင် တပ်မ (၄၄) လက်အောက်ခံ ခမရ(၂) မှ တပ်ကြပ်ကြီး ကျော်ဆန်းအား တော်လှန်ရေး ပူးပေါင်းတပ်များမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လ ၁ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံအနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုအား တော်လှန်ရေး ပူးပေါင်းတပ်များ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး ၄၀ မမ ဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦး နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်

စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ကျိုက်ထို

#လက်ပံပင်သင်္ချိုင်း

#KRF

#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required