ဖိလစ်ပိုင်၊ ဂျပန်နှင့် အမေရိကန် ၃ နိုင်ငံ ရေတပ်စစ်ရေးလေ့ကျင့်မှု စတင်

By Nikkei Asia
02 June 2023
ဖိလစ်ပိုင်၊ ဂျပန်နှင့် အမေရိကန် ၃ နိုင်ငံ ရေတပ်စစ်ရေးလေ့ကျင့်မှု စတင်
Photo-AFP

ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် (PCG) သည် ဂျပန်ကမ်းခြေစောင့်တပ် (JCG) နှင့် အမေရိကန်ကမ်းခြေစောင့်တပ် (USCG) တို့နှင့် ကြာသပတေးနေ့တွင် ပူးတွဲစစ်ရေး လေ့ကျင့်မှု စတင်ပြီး ယင်းသည် သုံးနိုင်ငံကြား၌ ပထမဆုံး စစ်ရေးလေ့ကျင့်မှုတစ်ရပ်ပဲ ဖြစ်သည်။

ဂျပန်၊ အမေရိကန်နှင့် ဖိလစ်ပိုင်တို့သည် တောင်တရုတ်ပင်လယ်၌ တရုတ်၏ နယ်ချဲ့မှုကို ရင်ဆိုင်နေရာ၌ ၎င်းတို့၏ ရေပြင်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်လျက် ရှိသည်။

JCG ကင်းလှည့်ရေယာဉ် JCGS Akitsushima နှင့် USCGC Stratton သည် ကြာသပတေးနေ့၌ မနီလာပင်လယ်အော်သို့ ရောက်ရှိသည်။

ယခုကဲ့သို့ ရောက်ရှိခြင်းသည် ဖိလစ်ပိုင်၊ ဂျပန်နှင့် အမေရိကန် ကမ်းခြေစောင့်တပ်များကြား ရေပြင်ပူးပေါင်းဆောင်ရွက်မှုများနှင့် နားလည်မှုတို့ကို မြှင့်တင်ခြင်းပဲ ဖြစ်သည်ဟု PCG မှ ဒုတိယဗိုလ်ချုပ်ကြီး ရိုလန်ဒို လီဇာက ပြောသည်။

ယခု စစ်ရေးလေ့ကျင့်မှုများကို တောင်တရုတ်ပင်လယ်နှင့် မျက်နှာမူနေသော ဖိလစ်ပိုင် မြောက်ပိုင်းလူဇုန်ကျွန်း ဘတ်တန်ပြည်နယ်တွင် ဗုဒ္ဓဟူးနေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။

JCG နှင့် USCG တို့မှ သင်္ဘောများအပြင် PCG ၏ ကင်းလှည့်ရေယာဉ် BRP Melchora Aquino ကိုလည်း တပ်ဖြန့်ထားရှိသည်။

ယခုကဲ့သို့သော လေ့ကျင့်မှုများဖြင့် အပြန်အလှန် စစ်ဆင်ရေးများတွင် သုံးနိုင်ငံ ကမ်းခြေစောင့်တပ်များ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန်၊ ပင်လယ်တွင် ရေယာဉ်များ ကင်းလှည့်ခြင်းများ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်နှင့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ယခု စစ်ရေးလေ့ကျင့်မှုကို ရည်ရွယ်သည်။

“ဂျပန်နိုင်ငံရဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေဟာ ဖိလစ်ပိုင်နဲ့ အမေရိကန်တို့ရဲ့ အားထုတ်မှုတွေအတိုင်း ဖြစ်ပါမယ်”ဟု မနီလာရှိ ဂျပန်သံရုံးမှ သံမှူး ကီနီချီမတ်ဆူဒါက ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

https://asia.nikkei.com/Politics/International-relations/South-China-Sea...
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required