မိုင်းခွဲခံရသည့် တံတားပြန်ပြင်ရန် စစ်ကောင်စီတပ်က အရပ်သားများကို ပေါ်တာဆွဲ 

By YT  ( မဇ္ဈိမ)
01 June 2023
မိုင်းခွဲခံရသည့် တံတားပြန်ပြင်ရန် စစ်ကောင်စီတပ်က အရပ်သားများကို ပေါ်တာဆွဲ 
ဓါတ်ပုံ- မေလ ၂၉ ရက်နေ့က မိုင်းထောင်ဖောက်ခွဲခံရ၍ ပျက်စီးသွားသော ကျောက်ကြီး- နတ်သံကွင်းကြားရှိ အင်းသဘောက်တံတား

KNUတပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နှင့် နတ်သံကွင်းအကြား ရှိ မီးတိုင်များနှင့် မိုင်းခွဲခံရသည့်တံတားကိုပြန်ပြင်ရန် စစ်ကောင်စီတပ်က ဒေသခံအရပ်သားများအား ပေါ်တာဆွဲ ခိုင်းစေမှုများပြုလုပ်နေကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

ဖောက်ခွဲခံရမှုကြောင့် ပျက်စီးသွားသော ကျောက်ကြီး-နတ်သံကွင်းကြားရှိ အင်းသဘောက်တံတားအား ပြန်လည်ပြင်ဆင်ရန် မေလ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ကရိန်းကားများ၊ ကျောက် ကားများဖြင့် လာစဉ် လမ်းတစ်လျှောက်၌တွေ့သော နတ်သံကွင်းမြို့မှဒေသခံများအား ၎င်းတို့ အန္တရာယ် ကင်းရေးအတွက် လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ ခိုင်းစေခြင်းဖြစ်ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်က ၎င်းတို့ကို သဲများ၊ ကျောက်များ သယ်ခိုင်းခဲ့ပြီး တစ်နာရီအကြာတွင် ပြန်လွှတ် ပေးခဲ့ ကြောင်း ပြောသည်။

“မေလ ၃၁ ရက်နေ့ မနက် ၈ နာရီဝန်းကျင်လောက်မှာ နတ်သံကွင်း-ရေတွင်းကုန်းကြီးလမ်း တာဆုံမှာ စစ်တပ်ကဒေသခံတွေကိုပေါ်တာဆွဲပြီး ကျောက်ကြီးကိုသွားတဲ့လမ်းကတံတားကို သွားပြင်တယ်၊ လူ တယောက်ကို တစ်နာရီပဲဆွဲတာ ပြီးရင်ပြန်လွှတ်တယ်။ သူတို့ကတော့ ကျောက်ကားတွေ အသွားအပြန် သယ်တယ်၊ ခန်မှန်းချေ ခုနစ်စီးစာလောက်ရှိမယ်၊ ကရိန်းကားတစီးလည်းပါတယ်”ဟု ဒေသတွင်း သတင်း ရင်းမြစ်တဦးက မဇ္ဈိမကို ပြောသည်။

တံတားပြန်ပြင်ရန် ဖမ်းဆီးခံရသည့် ဒေသခံ ၁၀ ဦးခန့်ရှိပြီး ဖမ်းဆီးခံရသူ အာလုံးသည် အမျိုးသားများ ဖြစ်ကာ အသက် ၂၀ အရွယ်မှ ၄၀ အရွယ်ထိ ပါဝင်ကြောင်း သိရသည်။

အဆိုပါတံတားသည် မေလ ၁၉ ရက်နေ့က မိုင်းခွဲဖျက်ဆီးခံရခြင်းဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီ ကိုထောက်ခံသော တယ်လီဂရမ်ချန်နယ်များက ဖော်ပြခဲ့သော်လည်း တော်လှန်ရေးအင်အားစုများဘက် ကမှု တစုံရာ ထုတ်ပြန်ထားခြင်း မရှိပေ။

ယင်းအပြင် ကျောက်ကြီးမြို့နယ်နှင့် နတ်သံကွင်းကြားတွင်ဖြစ်ပွားခဲ့သော စစ်ကောင်စီတပ်နှင့် တော်လှန် ရေးအင်အားစုတို့အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် ပျက်စီးလဲကျနေသော ဓါတ်မီးတိုင်များအား ပြန်လည်ထူထောင်ရန်လည်း စစ်ကောင်စီတပ်က အရပ်သားများကို ပေါ်တာဆွဲခိုင်းစေခဲ့ကြောင်းလည်း ဒေသခံတဦးက ပြောသည်။

အဆိုပါ ဓာတ်မီးတိုင်များအား ပြန်လည်စိုက်ထူရန် မေလ ၃၀ ရက်နေ့က နတ်သံကွင်းမြို့အနီးတစ်ဝိုက်မှ အရပ်သား ၂၀ ခန့် ပေါ်တာဆွဲ ခိုင်းစေခံခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။

ယင်းဖြစ်ရပ်အတွင်း ဖမ်းဆီးခံရသူ ၂၀ ဦးအနက် အများစုမှာအမျိုးသားများဖြစ်ကာ အမျိုးသမီးနှစ်ဦး ပါဝင်ပြီး ထိုအမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးအား ဖမ်းဆီးပြီး နာရီပိုင်းအကြာ၌ ပြန်လွှတ်ပေးခဲ့ကာ ကျန်ဒေသခံများအား မေလ ၃၀ ရက်နေ့ ညနေပိုင်းမှသာ ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံက ဆိုသည်။

ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့၊ မုန်းမြို့တဝိုက်တွင် စစ်ကောင်စီတပ်သားများက မကြာခဏ ပေါ်တာဆွဲ ခိုင်းစေလေ့ရှိသဖြင့် ဖမ်းဆီးခံနေရချိန် အသက်အန္တရာယ် ရန်ရှာခံရမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

“အစရှိနေတော့ ရက်ရက်စက်စက် သတ်ပစ်မှာ စိုးတာပေါ့၊ ညောင်ပင်သာမြောက်ကမ်းဖြစ်ရပ်မျိုးလို လေ” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့က မုန်းမြို့နယ်၊ ညောင်ပင်သာကျေးရွာအတွင်း ဝင်ရောက်၍ ဒေသခံ ၂၀ ဦး အား အစုလိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်ခဲ့သော စစ်ကောင်စီစစ်ကြောင်းသည် ရေအိုးစင်ကျေးရွာမှ အမျိုးသားလေးဦး၊ ရေအိုးစင်ရွာသို့ အလည်လာသော အမျိုးသမီး သုံးဦး စုစုပေါင်းခုနစ်ဦးအား လူသားဒိုင်း အဖြစ် ၎င်းတို့စစ်ကြောင်းထိုးရာတစ်လျှောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သေးသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly