နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁ ဇွန်  ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁ ဇွန်  ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ
•    အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အမှတ် ၁ စစ်ဒေသ ရှိ စိတ်ဓာတ်မြှင့်တင်ရေး ဆေးတပ်ဖွဲ့မှ စစ်ဘေးရှောင် ပြည်သူများကို ကျန်းမာရေး စောင့်ရှောက် မှုပေးခြင်း များ ပြုလုပ်ခဲ့ကြောင်း သိရသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်သည့် ယခုလ ဒုတိယပတ် အတွင်း က ပဲခူးတိုင်းအတွင်းမှာရှိသည့်  ရှေ့တန်းစစ်မြေပြင်တနေရာကို သွားရောက်ကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ နှင့် တွေ့ဆုံခဲ့ကြောင်း တော်ဝင်ဒေါင်း စစ်ကြောင်းက ထုတ်ပြန်သည်။
•    ဆေးဘက်ဆိုင်ရာ စစ်မှုထမ်း ဆောင်ဖို့ ဆေးဝန်ထမ်းတပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများရာထူးတွေအတွက် လျှောက်ထားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်က ထုတ်ပြန်သည်။
•    မြို့ပြပြောက်ကျားအဆင့်ကနေ ရန်ကုန်တိုင်းစစ်ဒေသခွဲ၏ ပထမဆုံးတပ်ရင်းအဖြစ် တပ်ရင်း ၅၁၀၁ ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်က ထုတ်ပြန်သည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း တို့မှာရှိတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး ကို မေ ၃၁ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြသည်။
•    စစ်ကိုင်းတိုင်းတွင် မေလ ၃၀ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် ပထမအကြိမ် စစ်ကိုင်းဖိုရမ် တွင် စစ်ကိုင်းတိုင်းအတိုင်ပင်ခံကောင်စီ သို့မဟုတ် အစုအဖွဲ့တစ်ခု တည်ထောင်ရန် ဆွေးနွေးခဲ့ကြကြောင်း စစ်ကိုင်းဖိုရမ်က တရားဝင် သတင်းထုတ်ပြန်သည်။
တော်လှန်ရေး လှုပ်ရှားမှုများ
•    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကလိန်အောင်မြို့မှ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
•    မုံရွာမြို့နယ် အခြေစိုက် ပြည်သူ့ ကာကွယ်ရေးစခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ကျပ် ၃၀၀ ခန့် တန်ဖိုးရှိ လက်နက် ၊ ခဲယမ်းများနှင့် ပစ္စည်းများ မီးရှို့ ဖျက်ဆီးသွားကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ Area 71 က မေလ၃၁ရက်တွင် ထုတ်ပြန်သည်။
•    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွာသာရွာရှိ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးများ အထိုင်စခန်းချထားသောစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မဟူရာရွှေဘိုသား တပ်ဖွဲ့တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
•    စစ်ကိုင်းတိုင်း၊ အင်းတော်နှင့် ဗန်းမောက် မြို့နယ် အကြား တိုက်ပွဲများ၌ ပြည်သူများ စစ်ရှောင်သွားစဥ် မော်တိတ်ရွာနှင့် ရွာသာယာရွာတို့မှ ပြည်သူများ မွေးမြူထားသည့် နွား၊ ဝက်များကို အစာရေစာ မပြတ် လပ်စေရေး ABSDF ရဲဘော်များက ပြုစု ထိန်းသိမ်း စောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာသစ်ရွာကို စစ်တပ်က မီးရှို့နေပြီး ကျေးရွာ ၅ ရွာမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ဝမ်ပေါင် ကြေးနီစီမံကိန်း၏ ရဲကင်းဂိတ်နှင့် နားနေဆောင်ကို ပစ်ခတ်တိုက်ခိုက်ရာ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း ဓားမဆိုင်းတပ်မတော် D.M.S.A အထူး တိုက်ခိုက်ရေး တပ်ဖွဲ့မှ သိရသည်။
•    တောင်ငူမြို့အခြေစိုက်လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဒုဗိုလ်မှူးကြီးရဲနိုင်ကို ရန်ကုန်-နေပြည်တော် အမြန်လမ်းတွင် ဆိုင်ကယ်ဖြင့် သွားနေစဉ် ယမန်နေ့ မေလ ၃၁ ရက်နေ့ ညနေတွင် ရေတာရှည်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသွားကြောင်း ပဲခူးတိုင်း‌စစ်ဒေသခွဲက အတည်ပြု သတင်းထုတ်ပြန်သည်။
•    ၁၈ လတာ ရာထူးသက်တမ်းအတွင်း မြန်မာစစ်ကောင်စီနှင့် အတိုက်အခံများ၏ ဝေဖန်မှုများကို ရင်ဆိုင်ခဲ့ရ သည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်သည် ဇွန်လအတွင်း ရာထူးမှ အနားယူတော့မည် ဖြစ်သည်။
•    ကြံခင်းမြို့နယ် သပိတ် အင်အားစုများ ဦးဆောင်ကာ "ဂုဏ်သိက္ခာမရှိတဲ့ ဖက်ဆစ်တပ် ပြည်သူ့အားနဲ့ အမြစ်ဖြတ်" စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
•    မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၅ ဦးကို သတ်ဖြတ်ပြီး ၄ ရက်ဆက် ကျေးရွာ ၂၅ ရွာကို မီးရှို့မှု နေအိမ် ၆၅၆ လုံး ပြာကျခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    ပဲခူးတိုင်း၊ တောင်ငူအခြေစိုက် လေကြောင်းရန် ကာကွယ်ရေးတပ် ၁၀၁၅ မှ ဒုတိယဗိုလ်မှူးကြီး ရဲနိုင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပစ်သတ်နိုင်ခဲ့ပြီး ၎င်း၏ဖုန်းနှင့် ဆိုင်ကယ်ကို သိမ်းဆည်းရမိထား ကြောင်း ရေတာရှည် ပြည်သူ့ကာကွယ်ရေးတပ်မှ သိရသည်။
တိုင်းရင်းသား လက်နက်ကိုင်များ
•    ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)၏ ထိန်းချုပ်နယ်မြေတွင် ကာကွယ်ရေးနှင့် သက်ဆိုင်သည့် စစ်သုံး ပစ္စည်းများကို ရောင်းဝယ်ဖောက်ကားတာမျိုးမလုပ်ရန် ထုတ်ပြန်လိုက်သည်။
•    ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကယန်းပြည်သစ်တပ်မတော် (KNLA) ၏ နယ်မြေ လုံခြုံရေးဂိတ်တစ်ခုကို ယနေ့ ဇွန်လ ၁ ရက်၊ နံနက် ၄ နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီတပ်မှ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
•    ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထို မြို့နယ် အစပ်ရှိ သံတံတားစစ်ကောင်စီတပ်ဂိတ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် အထိ အခိုက် အကျအဆုံးရှိကြောင်း သထုံခရိုင် PDF တာဝန်ခံထံက သိရသည်။
စစ်ကောင်စီ
•    စစ်ကောင်စီ-ကာတာ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေး ကိစ္စရပ်များကို မေ ၃၁ ရက်တွင် နေပြည်တော်၌ ဆွေးနွေးခဲ့ကြောင်း အကြမ်းဖက်စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
•    မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် နယ်စပ်ဖြတ်ကျော် လောင်းကစားမှု စသည့် တရားမဝင် ရာဇဝတ်မှုများ ပူးပေါင်းတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အကြမ်းဖက်စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး စိုးထွဋ်နှင့် တရုတ်နိုင်ငံ သံအမတ်ကြီး တို့ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း ရန်ကုန်မြို့ရှိ တရုတ်သံရုံးမှ ထုတ်ပြန်သည်။
•    သံနှင့် သံမဏိလိုအပ်ချက်အနေဖြင့် နှစ်စဉ် တန်ချိန် ၂ သန်းခန့် ရှိပြီး ပြည်ပငွေများစွာ သုံးစွဲနေရသောကြောင့် ယခင် အစိုးရလက်ထက်က ရပ်တန့်ခဲ့သည့် စက်ရုံကို ပြန်လည် လည်ပတ်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောသည်။
•    ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊(၂) ရပ်ကွက်နေ အစွန်းရောက် မဘသ လီလီနိုင်ကျော် အား PDFမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့်စိုးရိမ်ရဒဏ်ရာများရရှိခဲ့၍ ဆေးကုသမှုခံယူ နေရကြောင်း အကြမ်းဖက်စစ်ကောင်စီဝါဒဖြန့်ချိရေးအဖွဲ့မှ ထုတ်ပြန်သည်။
•    ထိုင်းနိုင်ငံဘက်ကနေ မြဝတီမြို့မှတစ်ဆင့် လိုင်စင်မဲ့ကားများ ဝင်ရောက်လာမှုရှိနေသည့်အပေါ် ဖော်ထုတ် ဖမ်းဆီးရေးအတွက် စစ်ကောင်စီပြည်ထဲရေးဝန်ကြီးဌာနမှ စီမံချက်ရေးဆွဲနေကြောင်း သိရသည်။
•    အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)မှာ ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များကို စစ်ကောင်စီမှ ကျပ် ၃ ဒသမ ၃၃ ဘီလီယံ ဂုဏ်ပြုချီးမြှင့်ခဲ့ပြီးယင်းပွဲကို အကြမ်းဖက်မင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း Sky Net One News သတင်းတွင် ဖော်ပြထားသည်။
ဇွန် ၁ ရက် သုံးသပ်ချက်
•    အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်သည် ပဲခူးတိုင်းအတွင်း ရှေ့တန်းစစ်မြေပြင်များကို လိုက်လံစစ်ဆေးနေသည်ကို ကြည့်လျှင် အကြမ်းဖက်စစ်ကောင်စီ၏ မြေပြင်စိုးမိုးမှုမှာ လျှော့ကျနေသည်ဟု ဆိုရမည်ဖြစ်သည်။
•    စစ်ကိုင်းဖိုရမ်ဆွေးနွေးပွဲမှ အဖွဲ့အစည်းတစ်ခုဖွဲ့နိုင်လျှင် အားကောင်းသည့်ပေါင်းစည်းမှု ဖြစ်လာ ပြီး စစ်အာဏာရှင်တော်လှန်ရေး ယခုထက်ပိုအားကောင်းလာကာ အမြန်ဆုံး လွတ်မြောက်သည့် ဒေသဖြစ်လာနိုင်ဖွယ်ရှိနေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly