မုံရွာ- ယာကြီး လမ်းပိုင်း မိုင်တိုင် ၂၈ အနီးရှိ နေအိမ်များကို စစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်

By လွှမ်းမိုး (မဇ္ဈိမ)
31 May 2023
မုံရွာ- ယာကြီး လမ်းပိုင်း မိုင်တိုင် ၂၈ အနီးရှိ နေအိမ်များကို စစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်

စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် ၊ မုံရွာ- ယာကြီးလမ်းပိုင်း မိုင်တိုင် -၂၈ အနီး ရှိ နေအိမ်များကို စစ်ကောင်စီတပ်က မေလ ၃၁ ရက် နံနက် ၁၁ နာရီ အချိန်ခန့်တွင် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် အကြောင်းမဲ့ လေကြောင်းသုံး တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“ ရဟတ်ယာဉ် က သုံးပတ်ဝဲ ပြီးတော့ စက်သေနတ် နဲ့ ကားလမ်းစပ် တစ်လျှောက် ပစ်သွားတယ် ။ ဒါ့အပြင် လက်နက်ကြီးတွေနဲ့ပါ ၁၀ ချက်လောက် ပစ်ခတ်သွားတယ်” ဟု ဒေသခံ တစ်ဦးက ဆိုသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ၂၈ မိုင် အနီးရှိ ကုန်စုံဆိုင် တစ်ခု ပျက်စီးခဲ့ပြီး ဒေသခံ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ စစ်ကောင်စီတပ်က အကြောင်းမဲ့ လေကြောင်းသုံး တိုက်ခိုက်နေမှုများကြောင့် အညာဒေသခံ ပြည်သူများ စိုးရိမ်ထိတ်လန့်နေရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ 

“ အကြမ်းဖက် စစ်တပ်က လေကြောင်းသုံးပြီး ဆက်တိုက် တိုက်ခိုက်နေတော့ ကိုယ့်အိမ်ထဲမှာ နေနေရတာက်ို လုံခြုံတယ်လို့ မခံစားရဘူး။ ကလေးတွေ ကျောင်းသွားရင်လည်း အိမ်ပြန်မရောက်ချင်း စိတ်ပူနေရတယ်။ လေယာဉ်လာပြီ ဆိုရင်ကို ဒူးတွေတုန်ပြီး ကြောက်လန့်နေရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ဆိုသည်။

ကနီမြို့နယ်တွင် စစ်ကောင်စီတပ်က ဧပြီလအတွင်း လေကြောင်းသုံး တိုက်ခိုက်မှု ငါးကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required