ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် NUG၊ NUCC၊ CRPH တို့နှင့် ဆက်လက်ပူးပေါင်းမည်ဟု KNDF ဖွဲ့စည်းခြင်း ၂နှစ်ပြည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြား

By ဂျူချန်း (မဇ္ဈိမ)
31 May 2023
ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် NUG၊ NUCC၊ CRPH တို့နှင့် ဆက်လက်ပူးပေါင်းမည်ဟု KNDF ဖွဲ့စည်းခြင်း ၂နှစ်ပြည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြား

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်မတော် KNDF ဖွဲ့စည်းခြင်း နှစ်နှစ်ပြည့်ပြီဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ NUCC၊ CRPH တို့နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းKNDF ဥက္ကဌ ခွန်ဘီထူးက ပြောကြားသွားသည်။ 

ယနေ့ မေလ ၃၁ရက်တွင် ကျရောက်သည့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်မတော် KNDF ဖွဲ့စည်းခြင်း နှစ်နှစ်ပြည့်မိန့်ခွန်းတွင် KNDF ဥက္ကဌ ခွန်ဘီထူးက အထက်ပါအတိုင်း ပြောကြားသွားခြင်းဖြစ်သည်။

ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH တို့နှင့် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCC မှတစ်ဆင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဥက္ကဌ ခွန်ဘီထူးက ပြောကြားသွားသည်။ 

“စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးကို ငြင်းပယ်ပြီး ကရင်နီလူထု ကိုယ်စားပြုအုပ်ချုပ်ရေးကို ကျနော်တို့ တည်ဆောက်ရမှာ ဖြစ်ပါတယ်။ လက်ရှိ အာဏာသိမ်းစစ်ကောင်စီရဲ့ အုပ်ချုပ်ရေးကို လက်နက်ကိုင်တော်လှန်ခြင်းမှတပါး အခြားမရှိဘူး” ဟု ခွန်ဘီထူး ကပြောကြားသည်။

ထို့အပြင် ပြည်နယ်အဆင့်တွင် KSCC နှင့် ကရင်နီပြည်နယ်အစိုးရပေါ်ပေါက်ရေး၊ ပြည်သူများအား ကာကွယ်ပေးရေးအပြင် ကျန်းမာရေး၊ ပညာရေး စသည့် ပြည်သူ့ဝန်ဆောင်မှုများပေးနိုင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း KNDFဥက္ကဌ၏ မိန့်ခွန်းတွင် ဖော်ပြထားသည်။

စစ်အာဏာရှင်တော်လှန်ရေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံမှ တန်ဖိုးမဖြတ်နိုင်သည့်  အကူအညီများလည်း ရရှိခဲ့ကြောင်းလည်း KNDFက အသိအမှတ်ပြု ထုတ်ပြန်ထားသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် မြန်မာနိုင်ငံ အမှန်တရားနှင့်တရားမျှတသော အမျိုးသားပါတီ/  မြန်မာ့အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ရခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) တို့ထံမှ လက်နက်ခဲယမ်းများနှင့် တန်ဖိုးမဖြတ်နိုင်သည့် စစ်ရေး အကူအညီများလည်း ရရှိခဲ့ကြောင်း အသိပေးထားသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ကရင်နီအမျိုးသားတပ်မတော် KA တို့နှင့် စစ်ရေးဦးဆောင်မှုတွင် ဆက်လက်ပူးပေါင်းသွားမည်ဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU၊ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့၏ စစ်သင်တန်းများနှင့် စည်းရေးနည်းနာများလည်း သင်ယူရရှိခဲ့ကြောင်း KNDF ၏ ထုတ်ပြန်ချက်ကို ဖတ်ကြားပေးသည့် KNDF ဗဟိုကော်မတီဝင် ရဲဘော် မင်းသားက ပြောသည်။ 

KNDFသည် နှစ်နှစ်တာကာလအတွင်း စစ်ကောင်စီနှင့် တိုက်ပွဲပေါင်း ၁,၀၀၀ ကျော်တွင် ပါဝင်တိုက်ခိုက်ခဲ့ပြီး  စစ်ကောင်စီ၏ စခန်းငယ် ၁၀ ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။စစ်ကောင်စီတပ်သားများထံမှ လက်နက်မျိုးစုံ ၆၀၀ ကျော်ကိုလည်း သိမ်း ဆည်းနိုင်ခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။

နှစ်နှစ်တာကာလအတွင်းတွင်  KNDF တပ်သား၁၅၃ ဦး ကျဆုံးခဲ့ရပြီး ကျဆုံး ရဲဘော်များအား အာဇာနည်သူရဲကောင်းများအဖြစ် အစဉ်အမြဲ အသိအမှတ်ပြုသွားမည်ဟုဆိုသည်။

" အရေးကြီးဆုံးက ကျဆုံးသွားတဲ့ သူရဲကောင်းများနဲ့အတူ တိုင်တည်ထားတဲ့ တော်လှန်ရေးသစ္စာကို အမှန်တကယ်ရရှိအောင် ဆက်လက်အကောင်အထည်ဖော်သွားမှာဖြစ်ကြောင်း ဆက်လက်ကတိပြုလိုပါတယ်"ဟု KNDF ဥက္ကဌ ခွန်ဘီထူးက မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

အာဏာသိမ်းစစ်တပ်ကို တွန်းလှန်ရန်အတွက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကို  ၂၀၂၁ ခုနှစ် မေလ ၃၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ရာ  ယနေ့ မေလ ၃၁ ရက်နေ့တွင် နှစ်နှစ် ပြည့်ခဲ့ပြီဖြစ်သည်။KNDF ဖွဲ့စည်းခြင်း နှစ်နှစ်ပြည့် အထိမ်းအမှတ်သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ညီနောင်မဟာမိတ် သုံးဖွဲ့ MNDAA၊TNLA၊AA နှင့် ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် BPLA၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ TPLF တို့က သဝဏ်လွှာ ပေးပို့ခဲ့ကြသည်။

စာတည်း - မောင်ကြီး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required