ယူကရိန်းအလံပါဝင်သော အင်္ကျီဖြင့် နိုင်ငံခြားသူအမျိုးသမီးတဦး မြန်မာပြည်ကိုခြေချလာသည် ဟုဆိုကာ ဓာတ်ပုံတပုံနှင့်အတူ သတင်းများထွက်ပေါ်လျက်ရှိသည်။ ယင်းမှာ မှားယွင်းနေသည်။
“Ko Gyi Soon” အမည်ရှိ ဖေ့စ်ဘုတ်အကောင့်က ဩဂုတ်လ ၂၁ ရက်နေ့တွင် ယူကရိန်းအလံပါ အင်္ကျီဝတ် ဆင်ထားသည့် အမျိုးသမီးပုံဖြင့် “လက်ခက်တောင်” ဟုဆိုကာ ရေးသားဖြန့်ဝေထားသည်။ ထိုအမျိုးသမီး သည် မြန်မာနိုင်ငံသို့ ခြေချလာကြောင်း၊ ယူကရိန်းမှ ကြားဝင်စွက်ဖက်လာပြီး ဘုရားကို ဒိုင်းအဖြစ်အကာ အကွယ်ပြုလုပ်နေကြောင်းနှင့် ဌာပနာများကို ယူကရိန်းကို သယ်ယူနိုင်ကြောင်း ရေးသားထားသည်။ထိုပို့စ့်ကို ပြန်လည်ဖြန့်ဝေမှု ၁၄၅ ခုရှိနေပြီး တယ်လီဂရမ်ချန်နယ်နှင့်ဂရု(ပ်) ခြောက်ခုတွင်လည်း ပျံ့နှံ့ လျက်ရှိသည်။
ဓာတ်ပုံ၌ ပျက်စီးနေသည့်အဆောက်အဦးကိုနောက်ခံထားကာ ယူကရိန်းအလံပါအင်္ကျီနှင့် အမျိုးသမီး၊ စစ် ဝတ်စုံနှင့် စစ်သားတဦး၊ ဦးထုပ်နှင့်အမျိုးသားတဦးအပြင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) အလံကိုင်ဆောင်ထားသူတဦးတို့ ပါဝင်သည်။ မဇ္ဈိမ အချက်အလက်စစ်ဆေးသူများမှ ထိုပုံအားစစ်ဆေးခဲ့ရာ မြန်မာနိုင်ငံမှ ပုံမဟုတ်ကြောင်း အတည်ပြု နိုင်ခဲ့သည်။
ပုံ၏ မူရင်းမှာ KNDG ဒုတိယစစ်ဦးစီးချုပ်(၂) မာဝီမှ ၎င်း၏ဖေ့စ်ဘုတ်အကောင့်တွင် ဩဂုတ်လ ၁၉ ရက် နေ့က “Solidarity from Karenni KNDF flag arrived to Ukraine” ဟုဆိုကာ Free Burma Rangers အဖွဲ့ ယူကရိန်းနိုင်ငံသို့သွားရောက်စဉ်က “ KNDF အနေဖြင့် ယူကရိန်းနဲ့အတူတူရှိကြောင်း တရားမျှတမှုနဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြောင်း” သတင်းစကားပါးခဲ့ပြီး ယူကရိန်းနိုင်ငံတွင် ရိုက်ကူးခဲ့သည့် ဓာတ်ပုံတပုံဖြစ်သည်။ လင့်- https://bit.ly/3QOuGFC
ထို့ပြင် ယင်းပုံ၏ နောက်ခံတွင်ပါဝင်သည့် ပျက်စီးနေသည့်အဆောက်အဦးမှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် ရုရှား-ယူကရိန်းကျူးကျော်စစ်ကြောင့် ယူကရိန်းနိုင်ငံ ဒိုလီနာ(Dolyna) မြို့မှ The Orthodox ဘုရားကျောင်းကြီးပျက်စီးခဲ့သည့်နေရာဖြစ်သည်။ လင့်- https://bit.ly/44mwJDI
ထို့ကြောင့် ယူကရိန်းအလံပါ အင်္ကျီဝတ်ဆင်ထားသည့်အမျိုးသမီးသည် မြန်မာနိုင်ငံသို့ လာရောက်ခြင်းမရှိ သကဲ့သို့ ထိုပုံရိုက်ကူးခဲ့သည့် တည်နေရာမှာလည်း မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်ရှိ လက်ခတ်တောင်တွင် မဟုတ်ချေ။
ထိုပုံသည် Free Burma Rangers အဖွဲ့ ယူကရိန်းနိုင်ငံသို့ သွားရောက်စဉ် ရိုက်ကူးခဲ့သည့် ဓာတ်ပုံတပုံ သာဖြစ်သည်။
ယူကရိန်းတွင် ရိုက်ထားသည့်ပုံဖြင့် မြန်မာနိုင်ငံတွင် ရိုက်ယူထားသယောင် သတင်းတုဖြင့် ဘာသာရေးနှင့် နိုင်ငံရေး ရောယှက်ကာ ထင်ယောင်ထင်မှားဖြစ်စေရန် ဖြန့်ဝေထားသည့် သတင်းတုသာ ဖြစ်သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
စာတည်း။ ။စောဖေ