မုန်တိုင်းပြီးနောက်ဆက်တွဲ ရေမှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်လာနိုင်ကြောင်း UNOCHA သတိပေး

By မဇ္ဈိမ 
23 May 2023
မုန်တိုင်းပြီးနောက်ဆက်တွဲ ရေမှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်လာနိုင်ကြောင်း UNOCHA သတိပေး

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ ရေဖြန့်ဖြူးတဲ့စနစ်တွေပျက်စီးခဲ့ပြီး သန့်ရှင်းတဲ့ သောက်သုံးရေရဖို့ အကန့်အသတ်တွေရှိနေတာကြောင့် ရေကတစ်ဆင့်ကူးစက်ရောဂါတွေ ဖြစ်ပွားလာနိုင်ခြေများနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က သတိပေးလိုက်ပါတယ်။

 

စစ်တွေမြို့နဲ့ ရသေ့တောင်မြို့နယ်တွေမှာ အပျက်အစီးအများဆုံးပဲလို့လည်း UNOCHA က မေလ ၂၁ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

နေစရာ အဆောက်အအုံတွေ၊ အများသုံး အခြေခံအဆောက်အအုံတွေ နဲ့ ပြည်သူလူထု ရေရရှိရေး စနစ်တွေ ပျက်စီးသွားကြပြီး၊ စားဝတ်နေရေးအတွက် အရေးကြီးတဲ့ ပစ္စည်းတွေ ပြတ်လပ်နေတယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Stéphane Dujarric  စတီဖင် ဒူဂျာရစ် က ကုလသမဂ္ဂ ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့တာပါ။

 

အထူးသဖြင့် ရခိုင်ပြည်နယ်မှာ သောက်ရေသန့်ရရှိရေးက ခက်ခဲနေပြီး၊ ဝမ်းပျက်ဝမ်းလျှောလို ကူးစက်ရောဂါတွေကူးစက်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ကျန်းမာရေး အဆောက်အအုံတွေ ပျက်စီးသွားကြသလို၊ ကျောင်းတွေလည်း ပျက်စီးသွားကြတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

 

မုန်တိုင်းဒီရေကြောင့် သောက်သုံးရေကန်တွေထဲ ရေငံတွေ ဝင်ရောက်ပြီး ကိုယ်ထူကိုယ်ထစနစ်နဲ့ရေငံတွေ စုပ်ယူ နေရတယ်လို့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကျေးတောပိုက်ဆိပ် ကျေးရွာဒေသခံတွေက ပြောပါတယ်။

 

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားမှာ ကြိုတင်သတိပေးစနစ်တွေ အားကောင်းလာတာကြောင့် သဘာဝဘေးကြောင့် သေကြေထိခိုက်မှုတွေ လျော့နည်းလာတယ်လို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (WMO) က ပြောကြားထားပါတယ်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required