Myingyan Black Tiger-MBT တပ်ဖွဲ့ ၏ “RPG-7 campaign” ၃၀ ရာခိုင်နှုန်းသာ ရရှိသေး

By မောင်ခက်နွေ (မဇ္ဈိမ) 
22 May 2023
Myingyan Black Tiger-MBT တပ်ဖွဲ့ ၏ “RPG-7 campaign” ၃၀ ရာခိုင်နှုန်းသာ ရရှိသေး

မကွေးတိုင်းနှင့်စစ်ကိုင်းတိုင်းတို့တွင်လှုပ်ရှားနေသည့် Myingyan Black Tiger-MBT တပ်ဖွဲ့၏ “RPG-7 Campaign” မှာ သတ်မှတ်ပမာဏ၏ ၃၀ ရာခိုင်နှုန်းသာရရှိသေးကြောင်း ၎င်းအဖွဲ့၏ခေါင်း ဆောင်တစ်ဦးဖြစ်သူဗိုလ်မိုက်ခဲက မဇ္ဈိမသို့ပြောသည်။

အဆိုပါကမ်းပိန်းကို မေလ ၈ ရက်နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၈ ရက်နေ့အထိ တစ်လတိတိ ပြုလုပ်သွားမည်ဖြစ်ကာ ကျပ်သိန်း ၄၀၀ ရရှိရန် ခန့်မှန်းထားသည်။

MBT အဖွဲ့အနေဖြင့် မကြာခဏဆိုသကဲ့သို့စစ်ကောင်စီတပ်၏ စခန်းများကိုတိုက်ခိုက်ခဲ့ပြီး စခန်းသိမ်း တိုက်ပွဲငါးကြိမ်ခန့်ဆင်နွဲခဲ့ကြောင်း သိရသည်။

သို့သော် စခန်းသိမ်းခါနီးတွင် ကျည်မလုံလောက်မှုများကြောင့် ပြန်ဆုတ်ခဲ့ရ၍“RPG-7 Campaign” သည်ထိုသို့ စခန်းသိမ်းတိုက်ပွဲများဆင်နွဲနိုင်ရန် RPG တစ်လက်ရရှိလိုယူပြုလုပ်ခြင်းဖြစ်ကြောင်းဆိုသည်။

“အဓိကကတော့ သူတို့ရဲ့ဘန်ကာတွေဖြိုဖျက်ဖို့မလွယ်ကူတာပေါ့နော်။ အဲဒါတွေသာ ဖြိုဖျက်နိုင်မယ် ဆို ရင် အချိန်ခဏအတွင်းမှာသူတို့ရဲ့စခန်းကို သိမ်းနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ အဲဒါကြောင့် “RPG-7 campaign” တစ်လကမ်ပိန်း၊သိန်း ၄၀၀ ကမ်ပိန်းကို ကျွန်တော်တို့ ခေါ်ယူခဲ့တာဖြစ်ပါတယ်”ဟုဗိုလ်မိုက်ခဲကဆိုသည်။

Myingyan Black Tiger-MBT တပ်ဖွဲ့သည်ထောက်ပံ့မှုအင်အားနည်းပါးမှု၊ ငွေကြေး တောင့်တောင့်တင်း တင်းမရှိခြင်းများကြောင့်အခြားမြေပြင်အဖွဲ့များကဲ့သို့ မဲဖောက်၍ ဆုပေးခြင်းများကို မလုပ်နိုင်ဟု သိရသည်။

သို့သော် ယခုကမ်ပိန်းသာအောင်မြင်ခဲ့ပါက စစ်ကောင်စီ၏ တပ်စခန်းများကိုတိုက်ခိုက် သိမ်းပိုက်ကာ ပြည်သူများထံသို့ လက်ဆောင်အနေဖြင့်ပေးမည်ဟုလည်းဗိုလ်မိုက်ခဲမှ ကတိပြုသည်။ 

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required