မြင်းခြံတွင် စစ်ကောင်စီတပ်က အသက် ၇၀ အရွယ် အဘိုး၊ အဘွားများ အပါအဝင် ဒေသခံများကို ရိုက်နှက် ၊ နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီး

By ဓါတု(မဇ္ဈိမ)
21 September 2023
မြင်းခြံတွင် စစ်ကောင်စီတပ်က အသက် ၇၀ အရွယ် အဘိုး၊ အဘွားများ အပါအဝင် ဒေသခံများကို ရိုက်နှက် ၊ နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီး
ပုံအညွှန်း- မီးရှို့ခံခဲ့ရသည့် ဒေသခံ တဦး၏ နေအိမ်(ဓာတ်ပုံ-ပေးပို့)

မြင်းခြံမြို့နယ်၊ မန်ကျည်းစုရွာတွင် စစ်ကောင်စီတပ်က အသက် ၇၀ အရွယ် အဘိုး၊အဘွားများအပါအဝင် ရွာရှိ လူအားလုံးကို ရိုက်နှက်ပြီး နေအိမ် တလုံးကို မီးရှို့သွား‌ေကြာင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၀ ရက် နေ့လယ်တွင် စစ်ကောင်စီတပ်က ဒေသခံ ကိုမျိုးထွန်း၏ နေအိမ်ကို မီးရှို့ကာ ဒေသခံများကို ရိုက်နှက်သွားခြင်းဖြစ်သည်။

အရိုက်ခံရသူများတွင် အဘိုး၊ အဘွား ၁၀ ဦး ဝန်းကျင်ပါဝင်ပြီး စစ်ကောင်စီတပ်သားများက နေအိမ်များသို့ ပြန်လာမနေပါက နေအိမ်များကို ချိပ်ပိတ်ခြင်း၊ မီးတင်ရှို့ခြင်းများ လုပ်ဆောင်မည်ဟု ဒေသခံများကို ဇူလိုင်လကတည်းက ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ပြီး နေအိမ်သို့ ပြန်မလာသည့် ကိုမျိုးထွန်းအား ပြည်သူကာကွယ်ရေးတပ်ဖွဲ့များနှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲကာ ၎င်း၏ နေအိမ်ကို မီးရှို့ခဲ့ခြင်းဖြစ်သည်။

”အသက် ၇၀ ကျော် အဘိုး၊ အဘွားတွေကိုပါ ရိုက်တာ။ အကြောင်းရင်းက ပြီးခဲ့တဲ့ တလကျော်က မြို့ပေါ် ကလေးတွေ(PDF)နဲ့ အပြန်အလှန်ပစ်ကြတော့ တိုက်ပွဲဖြစ်မယ် ထင်ပြီး ရွာထဲက လူတွေက ဘုန်းကြီးကျောင်းဆီ ရွှေ့ကြတာ။ နောက်ရက်ကျတော့ ပြန်မလာတဲ့ အိမ်တွေ ချိပ်ပိတ်မယ် မီးရှို့မယ်ပြောလို့ အခုပြန်လာကြတဲ့အခါမှာ အိမ်ထဲကသူတွေ အကုန်ထွက်ခဲ့ဆိုပြီး ရိုက်နှက်ကန်ကျောက်တာ။ မိန်းကလေးတွေရဲ့နားတောင်းတွေပါ ဆွဲချွတ်တာ သက်သက်မဲ့ ငြိုးတာပေါ့" ဟု ရွာခံတဦးက မဇ္စျိမကိုပြောသည်။

အိမ်ခြေ ၂၅၀ ရှိသည့် မန်ကျည်းစုရွာသို့ ယမန်နေ့ နေ့လယ် ၂ နာရီတွင် ရွာရှိ ဘုန်းကြီးကျောင်းသို့ ခေါ်ဆောင်ရိုက်နှက်ခြင်းဖြစ်ပြီး နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် ပြန်လွှတ်ပေးလိုက်ကြောင်း၊ မြင်းခြံမြို့၊ ဘလဲ့ကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်ကြောင်းထိုး တပ်စွဲထားသည့် စစ်ကောင်စီတပ်က အင်အား ၃၀ ခန့်ဖြင့် လာရောက်ရိုက်နှက်ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် စစ်ကားအား ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲရန် လာစဥ် မန်ကျည်းစုရွာအနီး ထိပ်တိုက်ဆုံမိကြပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ထို့ကြောင့် မန်ကျည်းစုရွာခံများက ကြောက်လန့်၍ ရွာအပြင်ရှိ ဘုန်းကြီးကျောင်းတွင် ရွှေ့ပြောင်းနေထိုင်နေကြပြီး ယမန်နေ့က နေအိမ်များသို့ ပြန်နေထိုင်စဥ် ထိုသို့ရိုက်နှက်ခံခဲ့ရခြင်းဖြစ်သည်။

မန်ကျည်းစုကျေးရွာကို ပြီးခဲ့သည့် မေလ ၂၄ ရက်ကလည်း စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြမ်းဖက်ပစ်ခတ်ခဲ့ပြီး အိမ်ခြေ ၁၀၀ ကျော်ကို မီးရှို့ခဲ့ရာ သေဆုံးသူများလည်းရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required