ဗီယက်နမ် လူမှုမီဒီယာ သုံးသူများက မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုဖော်ပြရမည်

ဗီယက်နမ် လူမှုမီဒီယာ သုံးသူများက မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုဖော်ပြရမည်

ဗီယက်နမ်တွင် ဖေ့ဘုတ်၊ ယူကျူ့နှင့် TikTok ကဲ့သို့သော ပလက်ဖောင်းများက လူမှုမီဒီယာ သုံးစွဲသူအားလုံးက မည်သူမည်ဝါ ဖြစ်ကြကြောင်းကို အတည်ပြုဖော်ပြရန် တွန်းအားပေးရန် စီစဉ်နေပြီး အွန်လိုင်းလိမ်လည်မှုများကို တိုက်ဖျက်ရန် လိုအပ်၍ဟု ကိုးကားဆိုသည်။

အရှေ့တောင်အာရှ ဗီယက်နမ်နိုင်ငံသည် ငွေရေးကြေးရေးနှင့် ချစ်မှုရေးရာ လိမ်လည်မှုများ အဖြစ်များခြင်းနှင့်အတူ အာရှတွင် အွန်လိုင်းလိမ်လည်မှု အများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း Global Anti Scam Alliance အရ သိရသည်။

သို့ရာတွင် ကွန်မြူနစ်နိုင်ငံတွင် လုပ်ဆောင်လျက်ရှိသည့် လူမှုမီဒီယာ တင်းကျပ်မှုများသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဟန့်တားနေပြီး အွန်လိုင်းတွင် အစိုးရအား ဝေဖန်သူများကို ပုံမှန်အားဖြင့် ပစ်မှတ်ထားခံနေရသည်။

“မည်သူမည်ဝါ ဖြစ်ကြောင်း မဖော်ပြတဲ့ လူမှုမီဒီယာအကောင့်တွေကို အတည်ပြုဖော်ပြခိုင်းတော့မှာ ဖြစ်ပါတယ်”ဟု သတင်းနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ငုယင် သန်း လမ်က အသေးစိတ် မဆိုဘဲ ပြောသည်။

အွန်လိုင်း သတင်းများအပေါ် အစိုးရ၏ အမိန့်ဒီဂရီသစ်ကို ယခုနှစ် နှောင်းပိုင်း၌ ထုတ်ပြန်မည်ဖြစ်ပြီး မဖြစ်မနေ ကျင့်သုံးမည်ဟု လမ်က ပြောကြောင်း တနင်္လာနေ့တွင် ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်၌ သတင်းထုတ်ပြန်သည်။

နယ်စပ်ဖြတ်ကျော် ပလက်ဖောင်းများကို သုံးကြခြင်းကြောင့် ဥပဒေ ချိုးဖောက်သော လူမှုမီဒီယာ သုံးစွဲသူများကို အာဏာပိုင်များက ခြေရာ မကောက်နိုင်ခြင်းများ ရှိခဲ့ကြောင်း လမ်က ထပ်လောင်းပြောသည်။

ယခု လုပ်ငန်းစဉ်သစ်က လိမ်လည်မှုအတွက် လူမှုမီဒီယာကို အသုံးချခြင်းအား တားဆီးနိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယခု ဥပဒေကို ချိုးဖောက်ခြင်းအတွက် ဖြစ်တန်ခြေရှိသော အပြစ်ပေးခြင်းများနှင့် ပတ်သက်ပြီး အသေးစိတ် ထုတ်ပြန်ခြင်း မရှိပေ။

လူကြိုက်များသော တရုတ်ပိုင် ဗီဒီယိုများ တင်သည့် TikTok ပေါ်တွင် “အဆိပ်အတောက် ဖြစ်စေသော အကြောင်းအရာများ” ကို ဖော်ထုတ်မည်ဟု အာဏာပိုင်များက ပြောပြီးနောက် ယခုကဲ့သို့ လုပ်ဆောင်လာခြင်းလည်း ဖြစ်သည်။

ဗီယက်နမ်သည် နိုင်ငံခြား နည်းပညာကုမ္ပဏီများကို နိုင်ငံအတွင်း၌ ကိုယ်စားလှယ်ရုံးခွဲ ဖွင့်ပြီး အချက်အလက်များကို နိုင်ငံအတွင်းမှာပင် ထိန်းသိန်းထားရန်လည်း ချမှတ်ထားခြင်း ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required