စစ်ကောင်စီတပ်ကြောင့် ဧပြီလအတွင်း ကလေးသူငယ် ၄၉ ဦးအပါအဝင် အရပ်သား ၂၇၀ ကျော် သေဆုံး

By 001(မဇ္စျိမ)
07 May 2023
စစ်ကောင်စီတပ်ကြောင့် ဧပြီလအတွင်း ကလေးသူငယ် ၄၉ ဦးအပါအဝင် အရပ်သား ၂၇၀ ကျော် သေဆုံး

ဧပြီလအတွင်း တိုင်းနှင့်ပြည်နယ်များတွင် ကလေးသူငယ် ၄၉ ဦးအပါအဝင် အရပ်သားပြည်သူ ၂၇၀ ကျော် သတ်ဖြတ်ခံခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တရားရေးဝန်ကြီးဌာနမှ မေလ ၅ ရက်နေ့က ထုတ်ပြန်ထားသည်။

သတ်ဖြတ်မှုများကို စစ်ကောင်စီတပ်ကကျူးလွန်ခြင်းဖြစ်ပြီး ဧပြီလအတွင်း သတ်ဖြတ်ခံရသူများတွင် အသက် ငါးနှစ်အောက်အရွယ် ကလေးငယ်များအထိပါဝင်ကြောင်း တရားရေးဝန်ကြီးဌာန၊ တရားဉပဒေ စိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာဦးစီးဌာနက ဆိုသည်။

“အများသိတဲ့အတိုင်း ကန့်ဘလူ ပဇီကြီးမှာဆိုရင် ငါးနှစ်အောက် အရွယ်ကလေးတွေကအစ ပါတယ်ပေါ့။ ပြီးရင် ချင်းပြည်နယ်ဘက်မှာဆိုရင်လည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွား တဲ့ ၁၂ နှစ်အရွယ် ကလေးတွေလည်းပါတယ်။ စစ်ကောင်စီတပ်ကလက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ကလေးသူငယ်တွေလည်း ပါတယ်ပေါ့။ အများဆုံးကတော့ ငါးနှစ်အောက် ကလေးသူငယ် တွေအထိပါတယ်” ဟု စာရင်းကောက်ယူပြုစုနေသူတစ်ဦးက ပြောသည်။

ကလေးသူငယ် သတ်ဖြတ်ခံရမှုမှာ စစ်ကိုင်းတိုင်းတွင် ၄၁ ဦးဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး ချင်းပြည်နယ်တွင် သုံးဦး၊ ရှမ်းပြည်နယ်တွင် နှစ်ဦး၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့တွင် တစ်ဦးစီပါဝင် ကြောင်း ဖော်ပြထားသည်။

ဧပြီလအတွင်း တိုင်းနှင့်ပြည်နယ် ၁၂ ခုတွင် သတ်ဖြတ်ခံရသည် အရပ်သား ၂၇၀ ကျော်မှာ စစ်ကောင်စီ တပ်က ကျေးရွာများသို့စစ်ကြောင်းထိုးရင်း ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုနှင့် ကျေးရွာ များသို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုတို့ကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

အရပ်သား သတ်ဖြတ်ခံရမှုစာရင်းတွင် သာသနာပြုတစ်ဦးနှင့် မသန်စွမ်းငါးဦးလည်း ပါဝင်သည်ကို တွေ့ရ သည်။

ထို့ပြင် ပြီးခဲ့သည့် တစ်လအတွင်း အရပ်သားပြည်သူ ၂၅၇ ဦးကို စစ်ကောင်စီတပ်က မတရားဖမ်းဆီးခဲ့ပြီး ရန်ကုန်တိုင်း ဗဟန်းမြို့နယ်မှ အသက် ၁၃ နှစ်အရွယ် ကလေးသူငယ်နှစ်ဦးလည်းပါဝင်ခဲ့ကြောင်း သိရ သည်။

စစ်ကောင်စီကြောင့် တိုင်းနှင့်ပြည်နယ်များတွင် ဧပြီလအတွင်း ကလေးသူငယ် ၂၆ ဦးအပါအဝင် အရပ် သား ၁၇၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း တရားရေးဝန်ကြီးဌာနက ဆိုထားသည်။

NUG  တရားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ စစ်ကောင်စီကြောင့် ယခုနှစ် လေးလအတွင်း ကလေးသူငယ် ၉၉ ဦးအပါအဝင် အရပ်သား ၇၅၀ ကျော် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အကျပ်အတည်းကာလ ဆက်လက်ဆိုးရွားနေပြီး ကလေးသူငယ် ငါးသန်းအပါအဝင် နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်နေကြောင်း UNICEF Myanmarက ပြီးခဲ့သည့် မတ်လအတွင်းက ထုတ်ပြန်ထားသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly