တန်ပြန်ထိုးစစ်အကြို စစ်ရေးစီမံချက်များစတင်နေပြီဟု NUG ပြည်ထဲရေးဝန်ကြီး ပြော

By 002 (မဇ္စျိမ)
28 June 2023
တန်ပြန်ထိုးစစ်အကြို စစ်ရေးစီမံချက်များစတင်နေပြီဟု NUG ပြည်ထဲရေးဝန်ကြီး ပြော

တန်ပြန်ထိုးစစ်အကြို စစ်ရေးစီမံချက်များစတင်နေပြီဖြစ်ကြောင်း NUG ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။

“ NUG ၊ မဟာမိတ်စစ်ရေးဦးဆောင်အဖွဲ့တွေနဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးဝန်ကြီးဌာနတွေကလည်း တန် ပြန်ထိုးစစ်အကြိုကာလ စစ်ရေးစီမံချက်‌တွေကို တာလွှတ်လိုက်ပါပြီ။ မကြာခင်မှာ စစ်ရေးနည်းနဲ့ လူထု တိုက်ပွဲနည်းတွေ ဟန်ချက်ညီပေါင်းစပ်ပြီး အဆုံးသက်တိုက်ပွဲကြီးတွေဆီ စဦးတည်ကြပါမယ်” ဟု ဦးလွင်ကိုလတ်က ပြောသည်။

တော်လှန်ရေးအစပိုင်းတွင် လမ်းပေါ်ဆန္ဒပြခဲ့သည့် လူငယ်များမှာ မဟာမိတ်တပ်ဖွဲ့များ၏ သင်ကြားပြသ မှုကြောင့် စစ်ရေးအတွေ့အကြုံများလည်း ရရှိလာပြီဖြစ်ကြောင်း၊ လက်ရှိကာလမှာ တော်လှန်ရေး၏ ပြည်သူ့စစ်မဟာဗျူဟာအရ တန်ပြန်ထိုးစစ်ကာလသို့ ရောက်ရှိနေပြီဟု ၎င်းကပြောသည်။

“တောတောင်တွေထဲက ရဲဘော်တွေဟာ အခုဆို မြေပြန့်ကိုတပ်ဖြန့်‌ရောက်ရှိနေပြီး စစ်တောင်းလွင်ပြင် မှာတိုက်ပွဲဖော်နေကြပါပြီ။ အိမ်အပြန်လမ်းကိုမြင်နေရလို့ တက်ကြွနေကြတဲ့ ရဲဘော်တွေရဲ့မျှော်လင့်ချက် တွေက ပြည်ထောင်စုရဲ့ တပ်ဦးရောင်ခြည်ဖြစ်ပါတယ်။ ကျနော်တို့တော်လှန်ရေးဟာ ဒုတိယနဲ့ တတိယ အဆင့်ကြားကို ရောက်နေပါပြီ။ နောက်ဆုံးအဆင့်ကို အရှိန်အဟုန်နဲ့ အဆုံးသတ်တိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ မီးကုန်ယမ်းကုန် ရေကုန်ရေခမ်း ပြည်သူအားလုံးတိုက်ပွဲဝင်ရတော့မှာ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ အာဏာရှင်အောက်မှာနေခဲ့ရပြီး ဘက်စုံဆုံးရှုံးနစ်နာခဲ့မှုတွေရဲ့အကြွေးကိုပြန်ယူဖို့ တော်လှန်ရေးအဓွန့် ရှည်ပြီး အာဏာရှင်သက်ဆိုးရှည်နေလို့ ဘက်စုံဆုံးရှုံးနစ်နာမှုရှိလာမှာတွေကို တားဆီးဖို့ ရှိသမျအားကုန် ညှစ်ပြီး အဆုံးအဖြတ်ရလဒ်အတွက် အမြင့်ဆုံးအရှိန်နဲ့ တိုက်ပွဲဝင်ကြရပါတော့မယ်” ဟု ပြည်ထဲရေးဝန် ကြီးက ဆိုသည်။

တော်လှန်ရေးရဲဘော်များမှာ လက်ဝယ်သေနတ်ရှိပါက ဗျူဟာဆွဲ တိုက်ခိုက်နိုင်နေပြီဖြစ်ကြောင်း၊ စစ်ကောင်စီလက်အောက်တွင် မနေချင်သူများအနေဖြင့် စနစ်သစ်နိုင်ငံတော်တွင် စိတ်ဝမ်းမကွဲဘဲ အားလုံးအတူတူ နေချင်ကြသည်ကို ယုံကြည်ကြောင်း ဦးလွင်ကိုလတ်က ပြောသည်။

“ကျနော်တို့ပြည်သူတစ်ရပ်လုံး အခုအချိန်မှာ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး ရုန်းကန်ကြဖို့ အချိန်တန်ပါ ပြီ။ တော်လှန်ရေးက ‌နောက်တလှမ်းဆုတ်ပြီး သုံးသပ်ပြင်ဆင်တွေးခေါ်ချိန်ဆနေချိန်က အချိန်စေ့သွား ပြီ” ဟုလည်း ပြည်ထဲရေးဝန်ကြီးက ပြောသည်။

ပြန့်ကျဲနေသည့် အင်အားစုများကိုစုစည်းပြီး ဖယ်ဒရယ်နိုင်ငံတော်သစ်ဆီ လျှောက်လှမ်းရတော့မည်ဖြစ် ကြောင်း၊ တော်လှန်ရေးရဲဘော်ရဲဘက်များ အိမ်ပြန်ချိန်တွင် ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ်ရောက်ရှိ အောင် ကြိုးစားရမည်ဟု ဝန်ကြီးကဆိုသည်။

“အားလုံးကအိမ်ပြန်ချင်ကြတယ်၊ ပြည်သူ့အာဏာကလည်း ပြည်သူ့ဆီကိုပြန်ချင်တယ်။ အကျဉ်းထောင် ထဲရောက်နေတဲ့ တော်လှန်ရေးသမားတွေကလည်း ဖက်ဒရယ်နိုင်ငံတည်ဆောက်ဖို့ အိမ်ပြန်ချင်ကြပါလိမ့် မယ်။ ပြည်ပရောက် ပြည်ထောင်စုဖွားတွေကလည်း သူတို့ကိုယ်တိုင်ပါဝင်ပြီးတော်လှန်နေတဲ့ တော်လှန်‌ ရေးအသီးအပွင့်ဖြစ်လာမယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ဆီကို ခေါင်းမော့ရင်ကော့ပြီး အိမ် ပြန်ချင်ကြတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြော ကြားသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly