အိန္ဒိယက ငွေကြေးပံ့ပိုးပေးထားသော စစ်တွေဆိပ်ကမ်းကို မေ ၉ ရက်တွင် ဖွင့်လှစ်မည်

By India Seatrade News
01 May 2023
အိန္ဒိယက ငွေကြေးပံ့ပိုးပေးထားသော စစ်တွေဆိပ်ကမ်းကို မေ ၉ ရက်တွင် ဖွင့်လှစ်မည်

အိန္ဒိယက အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံထားသည့် ကုလားတန်ဘက်စုံသုံး ကြားခံ သယ်ယူပို့ဆောင်ရေးစီမံကိန်းအောက်ရှိ  စစ်တွေဆိပ်ကမ်းကို မေလတွင် စတင်လည်ပတ်မည်ဖြစ်ကာ ကာလကတ္တားမြို့ ဆာမာပရာဆက်မူခါဂျီးဆိပ်ကမ်းရှိ နက်တာဂျီဆူဘာစ်သင်္ဘောကျင်းမှ မေလ ၄ ရက်တွင် သင်္ဘောာတစ်စင်း စတင်ထွက်ခွာမည်ဖြစ်သည်။ 
အဆိုပါ သင်္ဘောသည် မေလ ၉ ရက်နေ့တွင် စစ်တွေဆိပ်ကမ်းသို့ ရောက်ရှိမည်ဖြစ်ပြီး ဆိပ်ကမ်း၊ သင်္ဘောနှင့် ရေလမ်းကြောင်းဆိုင်ရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဆာဘာနာဒါဆိုနိုဝါလ် ဦးဆောင်သည့် အိန္ဒိယဘက်မှ တာဝန်ရှိသူများသည် သင်္ဘောအား ကြိုဆိုဂုဏ်ပြုသည့် အခမ်းအနားကို တက်ရောက်မည်ဖြစ်ကြောင်း အစိုးရသတင်းရင်းမြစ်များက ပြောသည်။
စစ်တွေဆိပ်ကမ်းဖွင့်လှစ်ခြင်းဖြင့် အိမ်နီးချင်းနှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်ရေးကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်တွေဆိပ်ကမ်းသည် ဘင်္ဂလားပင်လယ်အော်ရှိ ရခိုင်ပြည်နယ်၏မြို့တော်တွင် အိန္ဒိယက တာဝန်ယူတည်ဆောက်ထားသည့် ရေနက်ဆိပ်ကမ်းတစ်ခုဖြစ်သည်။
ကုလားတန်မြစ်ဝတွင် တည်ရှိသော ဒေါ်လာ သန်း ၁၂၀ တန်ဖိုးရှိ စစ်တွေဆိပ်ကမ်းသည် မြန်မာနိုင်ငံ အနောက်တောင်ပိုင်းနှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတို့တွင် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်သည့် ကုလားတန် ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အိန္ဒိယမှ ရန်ပုံငွေ ထောက်ပံ့ပေးထားသည်။

ကုလားတန် ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းသည် အိန္ဒိယ၏ ကုန်းတွင်းပိတ် အရှေ့မြောက် ပြည်နယ်များအတွက် အစားထိုးလမ်းကြောင်းတစ်ခုအဖြစ် ပံ့ပိုးပေးလိမ့်မည် အိန္ဒိယက ယုံကြည်ထားသည်။
အဆိုပါပြည်နယ် ၇ ခုသို့ ရောက်ရှိသည့် တစ်ခုသောလမ်းကြောင်းမှာ ‘ ကြက်လည်ပင်း’ ဟုခေါ်ဆိုသော နီပေါနှင့်ဘင်္ဂလားဒေ့ရှ်ကြားရှိ အိန္ဒိယပိုင်နက် ကျဉ်းမြောင်းသော ဆီလီဂူရီစင်္ကြံဖြစ်သည်။

အိန္ဒိယ၏အရှေ့မြောက်ပြည်နယ်များသို့ အဆိုပါစင်္ကြံမှတစ်ဆင့် ကုန်စည်များပို့ဆောင်ခြင်းသည် သယ်ယူပို့ဆောင်ရေးနှောင့်နှေးကာ ကုန်ကျစရိတ်မြင့်မားစေသည်။
ကုလားတန်စီမံကိန်းဖြင့် အိန္ဒိယနှင့် မြန်မာနိုင်ငံတွင် အခြေခံအဆောက်အအုံနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ရန်လည်း ကြိုးပမ်းသွားမည်ဖြစ်သည်။
အဆိုပါ စီမံကိန်းတွင် စစ်တွေမြို့ ကုလားတန်မြစ်ဝတွင် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး၊ စစ်တွေမှ အိန္ဒိယနိုင်ငံ မီဇိုရမ်သို့ မြစ်ကြောင်းမှ ကုန်တင်ရေယာဉ်များ သွားလာနိုင်စေရန် သောင်တူးစက်ဖြင့် ရေကြောင်းရှင်းရေး ၊ ချင်းပြည်နယ် ပလက်ဝမြို့တွင် မြစ်ဆိပ်ကမ်း တည်ဆောက်ရေးနှင့် ပလက်ဝမှ အိန္ဒိယ-မြန်မာနယ်စပ်ရှိ မြိတ်ဝသို့ အဝေးပြေးလမ်းများ အဆင့်မြှင့်တင်ရေးတို့ ပါဝင်သည်။

စစ်တွေဆိပ်ကမ်းဖွင့်လှစ်ခြင်းအားဖြင့် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ကာလကတ္တားဆိပ်ကမ်းနှင့် မြန်မာနိုင်ငံရှိ စစ်တွေဆိပ်ကမ်းတို့အကြား ဘင်္ဂလားပင်လယ်အော်မှတစ်ဆင့် ကုန်တင်သင်္ဘောများ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်သည်။
စစ်တွေဆိပ်ကမ်းမှ ပလက်ဝဆိပ်ခံတံတားသို့ ကုလားတန်မြစ်ကြောင်းအတိုင်း သင်္ဘောဖြင့်သွားကာ ပလက်ဝမှ  အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မီဇိုရမ်ပြည်နယ်သို့ ကားလမ်းဖြင့် ချိတ်ဆက်နိုင်မည်ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly