မိုးကာလအကြို၌ နွေဦးတော်လှန်ရေးအတွက် အလားအလာများကို အကဲဖြတ်ခြင်း

မိုးကာလအကြို၌ နွေဦးတော်လှန်ရေးအတွက် အလားအလာများကို အကဲဖြတ်ခြင်း

မြန်မာ့ နွေဦးတော်လှန်ရေးသည် အထင်ကြီးလောက်စရာ ဖြစ်သလို ဝမ်းနည်းဖွယ်ရာလည်း ဖြစ်သည်ဟု လူ့အခွင့်အရေး စည်းရုံးလှုံ့ဆော်သူ အီဂေါ် ဗလာဇီဗစ်က ပြောသည်။

တရားမဝင်သော အာဏာသိမ်းစစ်အုပ်စုကို ဖြုတ်ချရှင်းထုတ်မည့် မြန်မာ့တော်လှန်ရေး၏ တိုးတက်မှုအခြေအနေနှင့်ပတ်သက်၍ ဗလာဇီဗစ်က ဖက်ဒရယ်ဂျာနယ် မြန်မာ (Federal Journal Myanmar) ၏ လက်ထောက်အယ်ဒီတာ ဆိုဖီယာနှင့် မကြာသေးခင်က တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် အကဲဖြတ်သုံးသပ်ထားသည်။

ဆိုဖီယာ ။ ။ လက်ရှိ နွေဦးတော်လှန်ရေးက နှစ်နှစ်ကျော်လာတဲ့ ကာလတစ်ခုကို ရောက်လာပြီ။ ဖက်ဒရယ်ပဋိညာဉ် အတည်ပြုပြဋ္ဌာန်းခဲ့တာလည်း နှစ်နှစ်ပြည့်သွားပြီ။ ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းထူထောင်တာလည်း နှစ်နှစ်ရှိသွားပြီ။ ဆိုတော့၊ လက်ရှိ နွေဦးတော်လှန်ရေးအပေါ် သုံးသပ်ကြည့်မယ်ဆိုရင် အဲဒါကို ဘယ်လိုမြင်ပါသလဲ။

အီဂေါ်။ ။ နွေဦးတော်လှန်ရေးက အထင်ကြီးလောက်စရာ ဖြစ်ပါတယ်။ အဲဒါက ရဲရင့်သတ္တိရှိတယ်။ ဝမ်းနည်းစရာလည်း ဖြစ်တယ်။ ပြီးတော့ အဲဒါက မျှော်လင့်ချက်ရှိပြီး အလားအလာကောင်းတယ်။

မြန်မာစစ်တပ်က နိုင်ငံမှာ အာဏာသိမ်းလိုက်ချိန်မှာ သူတို့အနေနဲ့ ဆန္ဒပြမှုတွေကို လအနည်းငယ်အတွင်းမှာပဲ နှိမ်နင်းချုပ်ထိန်းနိုင်လိမ့်မယ်၊ ပြီး‌တော့ အဲဒီလို ထိန်းချုပ်နိုင်တဲ့အချိန်ကျရင် မင်းအောင်လှိုင်ဟာ ဘုရင်လို ပြုမူနိုင်တဲ့ သမ္မတအဖြစ် ရွေးချယ်ခံရလိမ့်မယ်ဆိုပြီး သူတို့ ယုံကြည်ခဲ့ကြတယ်။ တကယ်တမ်းလက်တွေ့ကျတော့ အဲဒါက ဖြစ်မလာခဲ့ဘူး။ စစ်တပ်အာဏာသိမ်းလိုက်ချိန်မှာ ဖြစ်ပျက်ခဲ့တာတွေက ဝမ်းနည်းစရာ ဖြစ်တယ်ဆိုတာကို ရန်ကုန်မှာ အခြေစိုက်တဲ့ သံတမန်တစ်ဦးတစ်ယောက်စီတိုင်းနဲ့ ကုလအေဂျင်စီတွေ၊ နိုင်ငံမှာ လာရောက် နေထိုင်အလုပ်လုပ်နေသူတွေက ထင်မြင်ယူဆခဲ့ကြတယ်။ ဒါပေမယ့် အာဏာသိမ်းစစ်အုပ်စုနဲ့က မလွဲဧကန် ဆက်ဆံပတ်သက်ရလိမ့်မယ်လို့လည်း သူတို့ ထင်ခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ အာဏာသိမ်းစစ်အုပ်စုဟာ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးမှာ ပြည်သူတွေရဲ့ ဆန္ဒပြမှုတွေအပေါ် လွှမ်းမိုးထိန်းချုပ်နိုင်လိမ့်မယ်လို့ သူတို့ ထင်မြင်ယူဆခဲ့ကြလို့ဖြစ်တယ်။ အဲဒီနောက်မှာ သူတို့တွေ မှားတယ်ဆိုတာကို နွေဦးတော်လှန်ရေးရဲ့ ရဲစွမ်းသတ္တိနဲ့ သန္နိဋ္ဌာန်ချ စိတ်ပိုင်းဖြတ်မှုတို့က သက်သေပြသခဲ့တယ်။

နိုင်ငံအပေါ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်စစ် ဆင်နွှဲမှုက ဘာကြောင့် ဝမ်းနည်းစရာ ကောင်းတယ်ဆိုတာကိုတော့ ရှင်းပြဖို့တောင် မလိုတော့ပါဘူး။

အပြီးသတ် နောက်ဆုံးမှာ လွတ်လပ်ခွင့်ရဖို့အတွက် အကြွင်းမဲ့စွန့်စားမှုယူပြီး ကြီးမားတဲ့ အခက်အခဲတွေကို ကြံ့ကြံ့ခံမယ့် မြန်မာပြည်သူ အမြောက်အမြားရဲ့ ရဲရင့်မှုသတ္တိနဲ့ အသင့်ရှိမှုတို့ကြောင့် နွေဦးတော်လှန်ရေးဟာ မျှော်လင့်ချက်ရှိပြီး အလားအလာကောင်းတယ်။ မင်းအောင်လှိုင်ရဲ့ ဥပဒေချိုးဖောက်တဲ့၊ အကျင့်ပျက်ခြစားတဲ့ မာဖီးယားအစိုးရ ကျူးလွန်ပြီး ဒုက္ခပေးနိုင်တဲ့ အကြမ်းဖက်မှုထက် မြန်မာပြည်သူတို့ရဲ့ စိတ်ဓာတ်နဲ့ စုပေါင်းအင်အားက ပိုပြီးတော့ ကြီးမားပါတယ်။
လွတ်လပ်တဲ့ ကမ္ဘာ၊ အိမ်နီးချင်းတွေနဲ့ အာဆီယံတို့ဆီက ခိုင်လုံပြီး လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အကူအညီသာနဲ့ဆိုရင် လွတ်လပ်မှုအတွက် မြန်မာပြည်သူတွေရဲ့ ရုန်းကန်ကြိုးပမ်းတိုက်ပွဲဝင်မှုက အောင်မြင်ဖို့ နောက်ထပ် လအနည်းငယ်လောက်သာ ကြာပါလိမ့်မယ်။ အဲဒီ အကူအညီ မပါဘဲနဲ့ဆိုရင် ဒီရုန်းကန်ကြိုးပမ်းမှုက အချိန်ပိုကြာလိမ့်မှာဖြစ်ပြီး ပိုပြီးလည်း ထိခိုက်နာကျင်ရလိမ့်မှာဖြစ်တယ်။ ဒါပေမယ့်လည်း မင်းအောင်လှိုင်ရဲ့ ပြစ်မှုကျူးလွန်တဲ့ စစ်အုပ်စုဘက်က နိုင်ငံကို ထိန်းချုပ်မှု ရနိုင်တဲ့ နည်းလမ်း မရှိပါဘူး။ သူတို့ ရှုံးနိမ့်မှာပဲ ဖြစ်ပြီး မှန်းကြည့်ရရင်တော့ သူတို့ တရားစီရင်ခံရမှာ ဖြစ်တယ်။

စစ်တပ်ဟာ အရပ်သားပြည်သူတွေအပေါ်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ပြစ်မှုတွေကို ပိုပိုပြီး ကျူးလွန်လာနေတယ်။ လူအစုအပြုံလိုက် သတ်ဖြတ်မှုတွေဟာ အလွန်တရာမှပဲ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်တယ်။ ဒါပေမယ့် ဒါတွေက စစ်အုပ်စုအတွက် တကယ့် ဘာ စစ်ရေးအကျိုးအမြတ်မှ မပေးပါဘူး။ သန္နိဋ္ဌာန်ချ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်တဲ့၊ အလျှော့မပေးတဲ့ လက်နက်ကိုင် ပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့တွေအပေါ် မနှိမ်နင်းနိုင်တော့တဲ့ အခြေအနေတစ်ခုမှာ စစ်တပ်ဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားနေတာဖြစ်တယ်။ လူမဆန်မှုနဲ့အတူ ရက်စက်ပြီးကြမ်းကြုတ်တဲ့ လုပ်ရပ်တွေနဲ့ စစ်တပ်ရဲ့ တကယ့် အားနည်းချက်ကို ဖုံးကွယ်ဖို့ ကြိုးစားနေတာပါပဲ။ လူအစုအပြုံလိုက် သတ်ဖြတ်ခံရမှုတွေရဲ့ ထိတ်လန့်စရာ ရုပ်ပုံတွေရဲ့ နောက်မှာ အင်မတန် အရေးကြီးတဲ့ အချက်တစ်ခု ရှိနေတယ်။ အဲဒါကတော့ တော်လှန်ရေး တပ်ဖွဲ့ပေါင်းစုံဟာ အာဏာသိမ်းစစ်အုပ်စုကို အောင်မြင်စွာနဲ့ သွေးထွက်သံယို ဖြစ်စေလျက်ရှိတယ်ဆိုတာပဲဖြစ်တယ်။ စစ်တပ်ဟာ အင်မတန့်ကို ဆိုးတဲ့ အနေအထားတစ်ခုမှာ ရှိနေတယ်။ အထူးသဖြင့် မိုးရာသီကာလက တစ်ဖန် ပြန်လာတော့မယ်။ အာဏာသိမ်းစစ်တပ်ဟာ ချင်းနဲ့ ကရင်နီ ပြည်နယ်တွေဟာ အရေးနိမ့်နေသလို စစ်ကိုင်းရဲ့ နေရာအတော်များများမှာလည်း အရေးနိမ့်နေတယ်။ နောက်ပြီး သူတို့ဟာ ကရင်ပြည်နယ်မှာလည်းပဲ မထိန်းနိုင်၊ မလှန်နိုင်တဲ့ ဖိအားအောက်မှာ ပိုပိုပြီး ကျရောက်နေတယ်။ ကချင်နဲ့ အာရကန် (ရခိုင်) တို့ဟာလည်း အောက်ခြေကနေစပြီး သူတို့ရဲ့ ရှေ့ပြေး ပြည်နယ်တွေကို တစ်စထက်တစ်စ အားကောင်းလာအောင် လုပ်နေကြပါပြီ။

စစ်တပ်မှာ သူတို့ မဖြေရှင်းနိုင်တဲ့ ရိုးရှင်းတဲ့ ပြဿနာတစ်ခု ရှိနေတယ်။ အဲဒါကတော့ လူအင်အားပဲ။ သူတို့မှာ ကြီးမားတဲ့ နိုင်ငံတစ်ဝန်း ဖြန့်ကြက်ထားရတဲ့ သေးငယ်တဲ့ တပ်ဖွဲ့တွေ အများအပြား ရှိတယ်။ စစ်ကူ ဖြည့်ဖို့အတွက် အရန်တပ်အင်အားတွေ ရှိမနေဘူး။ သူတို့ဟာ လူသစ်စုဆောင်းမှုနဲ့ ထောက်ပံ့ဖြည့်ဆည်းမှုအပိုင်းတွေမှာ ရုန်းကန်နေရတယ်။ တစ်ဖက်မှာတော့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ (EROs) တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ (PDFs) တွေအကြား ပူးပေါင်းဆောင်ရွက်မှုက အဆက်မပြတ် တိုးတက်အားကောင်းလာနေပြီ။ တော်လှန်ရေးဟာ အချိန်တိုတစ်ခုအတွင်းမှာ အများကြီး လေ့လာသင်ယူရတဲ့ အခြေအနေတစ်ခုမှာ ရှိနေပြီး တဖြည်းဖြည်းချင်းနဲ့ သူ့ရဲ့ လုပ်နိုင်စွမ်းကို တိုးမြှင့်လာနေတယ်။

လူမဆန်၊ ရက်စက်ပြီး ကြမ်းကြုတ် ယုတ်မာတဲ့ လုပ်ရပ်တွေဟာ စစ်တပ်ရဲ့ ဒီ အကြီးအကျယ်ဖြစ်တဲ့ အားနည်းချက်ကို ဖုံးကွယ်ဖို့ ကြိုးစားနေတယ်။ တော်လှန်ရေးရဲ့ ဖိအားသာ ဆက်ရှိမယ်ဆိုရင် စစ်တပ်ဟာ အနှေးနဲ့ အမြန် အောက်ခြေကနေ အပေါ်အထိ အတွင်းကို ကျွံပြီး ပြိုဆင်းလိမ့်မယ်။

ဆိုဖီယာ။ ။ နွေဦးတော်လှန်ရေးကို ဘယ်လို တော်လှန်ရေးအမျိုးအစားအဖြစ် ဖော်ညွှန်းလို့ရမလဲ။

အီဂေါ်။ ။ နွေဦးတော်လှန်ရေးရဲ့ ကနဦး မောင်းနှင်သူတွေကတော့ ပြင်းပြတဲ့ ဆန္ဒတွေရှိတဲ့ လူငယ်မျိုးဆက် (Gen Z) ၊ လူလတ်တန်းစား မြို့နေ ပရော်ဖက်ရှင်နယ်တွေ (စီဒီအမ်ဝင်သူတွေ) နဲ့ “အမျိုးသမီး မဲဆန္ဒရှင်တွေ” ဖြစ်ပါတယ်။ မြန်မာ့ နွေဦးတော်လှန်ရေးဟာ အရင်းခံအားဖြင့်တော့ မြို့ပေါ်၊ လူလတ်တန်းစားနဲ့ လူငယ်ထုရဲ့ အကြမ်းမဖက်တဲ့ နိုင်ငံသား/ပြည်သူ တော်လှန်ရေးအနေနဲ့ စခဲ့တာပေါ့။

ဒါပေမယ့် အဲဒီလို အကြမ်းမဖက်တဲ့ မြို့ပေါ် ဆန္ဒပြမှုတွေအပေါ် စစ်တပ်က လူမဆန်၊ ရက်စက်စွာ တုံ့ပြန်တာကြောင့် အာဏာသိမ်းစစ်အုပ်စုအပေါ် ဆန့်ကျင်တဲ့ တော်လှန်ရေးရဲ့ လက္ခဏာကို အသွင်ပြောင်းစေခဲ့တယ်။ စစ်တပ်ရဲ့ အကြမ်းဖက်မှုကနေ ပြည်သူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ လိုအပ်တာနဲ့ လက်နက်ကိုင်၊ ပြောက်ကျား တော်လှန်ရေးဆီ ကူးပြောင်းမှုနဲ့အတူ နွေဦးတော်လှန်ရေးဟာ အဓိကအားဖြင့်တော့ ကျေးလက် တော်လှန်ရေးတစ်ခု ဖြစ်လာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာကို တကယ်တမ်း ကျကျနန သဘောပေါက်နားလည်ဖို့ဆိုရင် မိမိတို့ စိတ်ထဲမှာ အမြဲတစေ မှတ်ထားဖို့ လိုတဲ့ အင်မတန် အရေးကြီးတဲ့ အချက်တစ်ခုထက်မက ရှိပါတယ်။ နွေဦးတော်လှန်ရေးဆိုတာက အာဏာသိမ်းမှုနောက်မှာ ပေါ်ပေါက်လာတဲ့ အင်အားတစ်ခု၊ ရုန်းကန်တိုက်ပွဲဝင်မှုတစ်ခုသာ ဖြစ်တယ်။ ဒါပေမယ့် အဲဒါ တစ်ခုတည်း ရှိတာမဟုတ်ပါဘူး။ ကျွန်တော်တို့မှာက ကိုယ့်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်အတွက် တိုင်းရင်းသားဒေသတွေရဲ့ သက်ဆိုင်ပတ်သက်သူတွေရဲ့ အပြိုင် ရုန်းကန်ကြိုးပမ်းမှုတွေလည်း ရှိနေပါတယ်။ အဲဒါက နွေဦးတော်လှန်ရေးလိုမျိုး တူညီတဲ့ ရုန်းကန်တိုက်ပွဲဝင်မှုတော့ မဟုတ်ပါဘူး။ အဲဒါက လိုက်ဖက်တဲ့ ရုန်းကန်ကြိုးပမ်းမှု ဖြစ်ပေမယ့် တူတော့ မတူပါဘူး။ အဲဒီ ရုန်းကန်တိုက်ပွဲဝင်မှုက နွေဦးတော်လှန်ရေး မတိုင်မီ အရင်ကာလကြာကတည်းက စခဲ့တာဖြစ်ပြီး သူ့မှာလည်း သူ့ကိုယ်ပိုင် အင်အား၊ သူ့ ကိုယ်ပိုင် လော့ဂျစ်နဲ့ သူ့ ကိုယ်ပိုင် ရည်မှန်းချက်တွေ ရှိနေပါတယ်။ အရာကိစ္စတွေကို ပိုပြီး ရှုပ်ထွေးစေတာကတော့ အဲဒီ တိုင်းရင်းသားတွေရဲ့ ကိုယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်အတွက် ရုန်းကန်တိုက်ပွဲဝင်မှုက တစ်ထပ်တည်း၊ တစ်သားတည်းဖြစ်တဲ့ စုစည်းညီညွတ်တဲ့ အင်အားတစ်ခု ဖြစ်မနေတာပါပဲ။ မတူညီတဲ့ တိုင်းရင်းသား အဖွဲ့အုပ်စုတွေရဲ့ နိုင်ငံရေးနဲ့ စစ်ရေး ခေါင်းဆောင်တွေဟာ သူတို့ရဲ့ ရေတိုနဲ့ ရေရှည် ရည်မှန်းချက်တွေကို ဘယ်လို ပြည့်မီအောင်မြင်အောင် လုပ်မလဲ ဆိုတာနဲ့ပတ်သက်လို့ မတူညီတဲ့ တွက်ချက်မှုတွေ လုပ်နေကြပါတယ်။

ဆိုတော့ ကျွန်တော်တို့မှာ ရှိနေတာက အလွန်ကို ရှုပ်ထွေးတဲ့ အင်အားတစ်ခု ဖြစ်ပြီး အဲဒီအထဲမှာ ကျွန်တော်တို့ဟာ တော်လှန်ရေးတစ်ခု ရှိမနေပါဘူး။ ဒါပေမယ့် ခုချိန်မှာ စစ်တပ်ကို အာဏာကနေ ဖယ်ရှားဖို့ ကြိုးပမ်းနေတဲ့ နွေဦးတော်လှန်ရေး ကျွန်တော်တို့မှာ ရှိနေပြီ။ တိုင်းရင်းသား လူမျိုးစုတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆန္ဒရည်မှန်းချက်တွေကို ဖြည့်ဆည်းဖို့ ရည်ရွယ်လျက်ရှိတဲ့ ကာလကြာမြင့်ပြီးသားဖြစ်တဲ့ တော်လှန်ရေးပေါင်းစုံလည်း မိမိတို့မှာ ရှိနေပြီ။ အဲဒီ မတူညီတဲ့ တော်လှန်ရေးတွေဟာ တစ်စိတ်တစ်ဒေသအားဖြင့်တော့ တစ်နေရာတည်းမှာ လာပေါင်းစုံနေပေမယ့် သူတို့ဟာ မတူညီကြဘူး။ အဲဒီ မတူညီတဲ့ တော်လှန်ရေးတွေကို အတူတကွ ဖြစ်စေဖို့ ခေါင်းဆောင်တွေဘက်က ဉာဏ်ပညာ အမြှော်အမြင်နဲ့ တာဝန်ယူမှုတို့ ရှိဖို့ လိုပါတယ်။ ဒါမှလည်း အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်တဲ့ အလုံးစုံ တော်လှန်ရေးဟာ စစ်အုပ်စုကို အနိုင်ယူ၊ ဖယ်ရှားဖို့ လုံလောက်တဲ့  စွမ်းအား ရှိမှာဖြစ်တယ်။

ဆိုဖီယာ။ ။ တော်လှန်ရေးရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ အဆုံးအဖြတ်ပေးမယ့် အချက်တွေက ဘာတွေဖြစ်မလဲ။

အီဂေါ်။ ။ အရေးကြီးတဲ့ အချက်တွေကတော့ အများအပြား ရှိပါတယ်။ အဲဒီထဲက တစ်ခုကို ယူဖို့နဲ့ တစ်ခုက အခြားဟာတွေထက် ပိုပြီး အရေးကြီးတယ်လို့ ပြောဖို့က မဖြစ်နိုင်ပါဘူး။ ရှုပ်ထွေးတဲ့ ပြဿနာအတွက် မျက်လှည့်ဆန်ဆန် ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းမရှိပါဘူး။ မတူတဲ့ အကြောင်းအချက်အများအပြားရဲ့ အပြန်အလှန် သက်ရောက်မှုကပဲ စစ်တပ်အပေါ် ဆန့်ကျင်တဲ့ လက်ရှိ ရုန်းကန်ကြိုးပမ်းမှုရဲ့ ရလဒ်ကို အဆုံးအဖြတ်ပေးပါလိမ့်မယ်။ အဲဒီထဲက တချို့ကို ကျွန်တော် ပြောပါရစေ။

ပြည်သူလူထုရဲ့ ထောက်ခံမှုက အလွန့်အလွန်ကို အရေးကြီးပါတယ်။ အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်တော်လှန်မှုက ဒီလောက်ထိ ခရီးရောက်လာတာက ပြည်သူတွေရဲ့ စိတ်ဆန္ဒနဲ့ စိတ်ပိုင်းဖြတ်မှုကြောင့် ဖြစ်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီ (SAC) ဟာ မြို့ပေါ် ဧရိယာတွေမှာ “ပုံမှန်ပြန်ဖြစ်နေပြီ” ဆိုတဲ့ အသွင်မျိုး ဖြစ်စေအောင် ဖန်တီးဖို့ အပြင်းအထန် ကြိုးပမ်းနေသလို ကျေးလက်ဧရိယာတွေက ပြည်သူတွေကိုလည်း တော်လှန်ရေးကို ထောက်ခံရင် အကြီးအကျယ် ထိခိုက်ဆုံးရှုံးတာတွေ ဖြစ်စေအောင်လို့ ရက်ရက်စက်စက် ကြိုးပမ်းနေတယ်။ ဒါပေမယ့်လည်း ကြည့်ရတာတော့ ပြည်သူတွေရဲ့ အဓိက ထောက်ခံမှုက အခက်အခဲ ဒုက္ခတွေ ရှိလင့်ကစား ဆက်ရှိနေဖွယ် ရှိပါတယ်။ ပြည်ပရောက် မြန်မာတွေကလည်း ဆက်ပြီး စည်းရုံးဆော်ဩနေကြဦးမှာပါပဲ။

ဒါပေမယ့် တော်လှန်ရေးမှာ ဆက်ပြီး ပါဝင်မြဲ ပါဝင်နေဖို့နဲ့ မျှော်လင့်ချက်တွေ ရှင်သန်နေဖို့က အင်မတန် အရေးကြီးပါတယ်။ သေးငယ်တဲ့ အောင်ပွဲတွေက အရေးပါပါတယ်။ ပိုပြီး ကြီးမားတဲ့ အောင်ပွဲတွေဆိုရင် ပိုလို့တောင် အရေးပါပါတယ်။ အကောင်းမြင်၊ မျှော်လင့်ချက်ရှိတဲ့ ဇာတ်ကြောင်းတွေက အတော်များများကို အရေးပါပါတယ်။ လူငယ် ဆန္ဒပြသူတွေနဲ့ ပျောက်ကြား စစ်သားတွေရဲ့ ရဲရင့်မှုက တစ်နိုင်ငံလုံးအတွက် တော်လှန်ရေးရဲ့ “လူမှု ပဋိဉာဏ်” ကို ဆက်လက် ရှင်သန်စေပါတယ်။ အသက်တွေ ဆုံးရှုံးနိုင်တဲ့ အန္တရာယ်၊ ဖြစ်နိုင်သမျှ အမြင့်ဆုံး အန္တရာယ်တွေကို စွန့်စားယူဖို့ သူတို့ရဲ့ အသင့်ရှိနေမှုက တခြားသူတွေတိုင်းအပေါ်မှာ မြင့်မားတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အရေးပါမှုကို ဖြစ်စေပါတယ်။ ငါတို့ရဲ့ ရဲရင့်တဲ့ ကလေးတွေဖြစ်တဲ့ သူတို့တွေတောင် ဒီလောက်အများကြီး လုပ်ဖို့ အသင့်ရှိတယ်ဆိုရင် ငါတို့ တစ်ဦးတစ်ယောက်တိုင်းဟာ အနည်းဆုံးတော့ တစ်ခုခုတော့ လုပ်သင့်တာပေါ့ ဆိုသလို “လူမှု ပဋိဉာဏ်” သစ်က အဓိပ္ပါယ်ထွက်စေပါတယ်။

အောင်ပွဲတွေကို အောင်ပွဲခံဖို့၊ ထိခိုက်နာကျင်မှုတွေကို စိတ်ပိုင်းဖြတ်မှုတွေအဖြစ် ပြောင်းလဲဖို့၊ အသက်ပေးသွားရသူတွေကို သူရဲကောင်းတွေအဖြစ် ပြောင်းလဲစေဖို့လည်း အရေးကြီးပါတယ်။ ပြည်သူလူထုကို ဆက်လက် စည်းရုံးဆော်ဩနိုင်ဖို့အတွက် စစ်အုပ်စု ဆန့်ကျင်တော်လှန်မှုမှာ ခိုင်မာအားကောင်းတဲ့ နိုင်ငံသားပြည်သူတွေနဲ့ လူငယ်ထုနဲ့ လက်နက်မကိုင်တဲ့ ရှုထောင့်ကို ဆက်ထိန်းထားဖို့ အရေးကြီးပါတယ်။

ပူးတွဲ စုပေါင်းလုပ်ဆောင်တဲ့ လုပ်ဆောင်ချက်တွေက အင်မတန် အရေးကြီးပါတယ်။ မိမိတို့ဟာ အဲဒါတွေကို အဆက်မပြတ် လေ့ကျင့်ဖို့ လိုပါတယ်။ အင်မတန် တက်ကြွပြီး တီထွင်ဖန်တီးမှုရှိတဲ့ နွေဦးတော်လှန်ရေးရဲ့ ပါဝင်သူ အမြောက်အမြားဟာ အစီအစဉ် လုပ်ဆောင်ချက်တွေကို ဆက်လက် လုပ်ဆောင်သင့်သလို သူတို့ရဲ့ ကိုယ်ပိုင် တိုက်ပွဲဝင်မှုတွေကို လုပ်ဆောင်တာတွေ ဆက်ရှိနေသင့်ပါတယ်။ တစ်ချိန်တည်းမှာလည်းပဲ သူတို့အားလုံးဟာ ပူးတွဲ တိုက်ပွဲဝင်မှုတွေမှာ တတ်နိုင်သမျှ ပါဝင်ဖို့ လိုပါတယ်။ စုပေါင်းလုပ်ဆောင်ချက်တွေကို ချိတ်ဆက်ညှိနှိုင်းနိုင်စွမ်းနဲ့ မူလနည်းလမ်းနဲ့ ဆက်စပ်ပြီး အမျိုးမျိုးခွဲထုတ်လုပ်ဆောင်မှုတို့ကို ဒီလိုမျိုး ပေါင်းစပ်တာက နွေဦးတော်လှန်ရေးရဲ့ အလွန်ကြီးမားတဲ့ စွမ်းအားရဲ့ ရင်းမြစ်ပဲဖြစ်ပါတယ်။

စိတ်ပျက်လက်ပျက်ဖြစ်မှုတွေနဲ့ စိတ်ဓာတ်ကျဆင်းတာတွေ မဖြစ်စေအောင်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းဆီကနေ ဘာတွေ မျှော်လင့်နိုင်သလဲ ဆိုတာနဲ့ပတ်သက်လို့ မိမိတို့ အရှိကို အရှိအတိုင်း လက်တွေ့ကျကျ လက်ခံဖို့ လိုပါတယ်။ အခြေအနေကို မြန်မြန်ဆန်ဆန် သိသိသာသာနဲ့ ပြောင်းလဲပေးနိုင်တဲ့ နည်းလမ်းတွေ မရှိပါဘူး။ နွေဦးတော်လှန်ရေးဟာ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ဒဏ်ခံနိုင်မှုအပေါ် ဆက်ပြီး လောင်းကြေးထပ်ရပါလိမ့်မယ်။ “တကယ်လို့ မင်းဟာ ငရဲကို ဖြတ်သန်းနေရပြီဆိုရင် မရပ်လိုက်နဲ့၊ ဆက်လျှောက်” ဆိုပြီး ဒုတိယကမ္ဘာစစ်ပွဲကာလအတွင်းမှာ ချာချီလ်က ပြောခဲ့ဖူးပါတယ်။

ဒီကာလမှာ အင်မတန် များပြားလွန်းတဲ့ တောင်းဆိုမှုတွေ၊ လုပ်ငန်းစဉ်တွေနဲ့အတူ ဒီ ရုန်းကန်တိုက်ပွဲဝင်မှုအပေါ် ဝန်မပိစေတာက ပိုကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ စစ်တပ်ရဲ့ ဖိနှိပ်မှုနဲ့ အကြမ်းဖက်မှုတို့မရှိတဲ့ အနာဂတ်က ဘယ်လိုဘယ်ပုံ ဖြစ်သင့်တယ် ဆိုတာတွေရဲ့ အသေးစိတ်နဲ့ တရားဝင် သဘောတူညီချက်တွေနဲ့ပတ်သက်လို့ သဘောကွဲလွဲတာတွေ မဖြစ်ဖို့နဲ့ အချိန်အများအပြား မဖြုန်းတာကဘဲ ပိုကောင်းပါတယ်။ အဲဒီအနာဂတ်ဖြစ်ပေါ်လာအောင် အရင်ဆုံး လုပ်တာက ပိုကောင်းပါတယ်။ အကောင်းမြင်၊ မျှော်လင့်ချက်ရှိ အလားအလာကောင်းတဲ့ အနာဂတ်တစ်ခုနဲ့ပတ်သက်လို့ ခိုင်မာ အားကောင်းပြီး၊ စိတ်ဓာတ်တက်ကြွစေတဲ့၊ အမြော်အမြင်ရှိတဲ့ ဇာတ်ကြောင်းတွေနဲ့ အခြေခံကျတဲ စည်းမျဉ်းအနည်းငယ်နဲ့ပတ်သက်တဲ့ အနည်းဆုံး အများသဘောဆန္ဒနဲ့ပဲ လုံလောက်ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနဲ့ တိုင်းရင်းသားတွေရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်အပေါ်မှာ ရဲရဲဝံ့ဝံ့နဲ့ ကိုယ်တိုင် ကတိပြုနှစ်မြုပ်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဟိုဟိုဒီဒီ အထောက်အထားစာရွက်စာတမ်းတွေ ဒါမှမဟုတ် ထုတ်ပြန်ချက်တွေမှာ အဲဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ လုပ်ထားပြီးပြီလို့ ပြောရုံနဲ့ မလုံလောက်ပါဘူး။ NLD နဲ့ NUG ခေါင်းဆောင် အသီးသီးရဲ့ မိန့်ခွန်းတွေကနေတစ်ဆင့် ဒါကို ထပ်ခါတလဲလဲ  ပြောရင် ပိုကောင်းပါတယ်။ တစ်ချိန်တည်းမှာလည်းပဲ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ERO ခေါင်းဆောင်တွေဟာ ဘုံစီမံကိန်းအပေါ်မှာ ထင်ထင်ရှားရှားနဲ့ လူသိရှင်ကြား လောင်းကြေးထပ် သင့်ပါတယ်။ PDFs တွေနဲ့ EROs တွေအကြား လက်ရှိ စစ်ဆင်ရေးဆိုင်ရာ လှုပ်ရှားမှုတွေမှာ ပူးပေါင်းဆောင်ရွက်တာက အထူးတလည် အရေးကြီးပါတယ်။ ဒါ့အပြင် တိုင်းရင်းသား ခေါင်းဆောင်တွေအနေနဲ့ အနာဂတ်မြန်မာနိုင်ငံသစ်ရဲ့ ဘုံ စီမံကိန်းနဲ့ပတ်သက်လို့ လူသိရှင်ကြား ထုတ်ဖော်ပြောကြားဖို့ လိုပါတယ်။ မိမိတို့ဟာ ပြည်တွင်းမှာရော၊ နိုင်ငံတကာမှာရော အတူတကွ ရင်းနှီးခင်မင်မှုကို စီမံကိန်းရေးဆွဲဖို့ လိုပါတယ်။

PDFs တွေနဲ့ EROs တွေရဲ့ စစ်ဆင်ရေးနဲ့ နည်းဗျူဟာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက် တိုးတက်နေစေဖို့ လိုပါတယ်။ ဒါပေမယ့် အချိန်တစ်ခုခုကျရင် စစ်တပ်ရဲ့ အားနည်းတဲ့ နေရာအနှံ့အပြားအပေါ် ပစ်မှတ်ထားပြီး ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်တဲ့ ကြီးမားတဲ့ တိုက်ခိုက်မှု လှိုင်းဖြစ်တဲ့ ဒုတိယမြောက် D-Day တစ်ခုကို ဖော်ဆောင်ဖို့ လိုအပ်ပါလိမ့်မယ်။ မြန်မာရဲ့ “တက် ထိုးစစ်- Tet Offensive” လိုမျိုး တစ်ခုခုပေါ့။ လက်ရှိမှာတော့ PDFs တွေနဲ့ EROs တွေအကြား ပူးပေါင်းဆောင်ရွက်မှုဟာ စစ်ရဲ့ သီးခြား စစ်နယ်ဝန်းတွေမှာ ဖြစ်ပေါ်နေပါတယ်။ လုပ်ဖို့ လိုအပ်မှာက ထိုးစစ်တွေ လုပ်ဆောင်မယ့် မဟာဗျူဟာကျ လုပ်နိုင်စွမ်းတစ်ခု အောင်မြင်ရရှိဖို့ ဖြစ်ပါတယ်။ “နယ်မြေ သိမ်းပိုက်မှု” မဟုတ်ဘဲ စစ်နယ်အားလုံးမှာ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်တဲ့ တိုက်ပြီးပြေး စစ်ဆင်ရေး လှိုင်းတွေဖြစ်ပါတယ်။ အဲဒါက စစ်တပ်ကို အခြေအနေ သေရေးရှင်ရေးဖြစ်တဲ့ အဆင့်ဆီ ရောက်အောင် ဆွဲဆန့်ပါလိမ့်မယ်။ အဲဒါက စစ်တပ်ရဲ့ အောက်ခြေထု စစ်သည်တွေအကြားမှာ ထိတ်လန့်အံ့ဩမှုတွေ ဖြစ်စေပါလိမ့်မယ်။ အဲဒါက စစ်အုပ်စုရဲ့ သစ္စာခံတွေကိုလည်း အလွန်တရာ လုံခြုံမှုမရှိသလို ဖြစ်စေပါလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ ဘာပဲဖြစ်ဖြစ် ဖြစ်နိုင်မယ်ဆိုရင် အထူး တပ်ဖြန့်တဲ့ တပ်ဖွဲ့တွေနဲ့အတူ စစ်တပ်ရဲ့ မဟာဗျူဟာအရ အရေးကြီးတဲ့ ပစ်မှတ်တွေကို ထိမှန်အောင် လုပ်နိုင်ရင် ကောင်းပါလိမ့်မယ်။ ဥပမာအနေနဲ့ ပြောရရင် စစ်အုပ်စုရဲ့ ဝင်ငွေစီးကြောင်းတွေအတွက် မရှိမဖြစ် အရေးပါတဲ့ အဆောက်အအုံတွေ၊ လေယာဉ်ကွင်းတွေက လေယာဉ်တွေ၊ ခဲယမ်းနဲ့လောင်စာဆီ သိုလှောင်ရုံနေရာတွေနဲ့ ရာထူးကြီးအဆင့်မြင့်စစ်ဘက်အရာရှိကြီးတွေ ဖြစ်ပါတယ်။

အဲဒီ လယ်ဗယ်ဆီ အမြန်ဆုံးလမ်းနဲ့ ရောက်အောင် ကျွန်တော်တို့ကို ခေါ်ဆောင်သွားနိုင်မယ့်အရာကတော့ အရေးပါအဓိကကျတဲ့ နိုင်ငံရေးနဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ သက်ဆိုင်သူတွေအကြား ထင်သာမြင်သာရှိပြီး ယုံကြည်မှုရှိတဲ့ နိုင်ငံရေး မဟာမိတ်ဖွဲ့မှုပဲဖြစ်ပါတယ်။ အဲဒီလိုမျိုး နိုင်ငံရေး မဟာမိတ်ပြုမှုမျိုးက အာဏာသိမ်းစစ်အုပ်စုကို ဘယ်လို တရားဝင်မှုမျိုးမှ မရစေအောင် ထပ်မံ ငြင်းပယ်ပိတ်ဆို့ပါလိမ့်မယ်။ နိုင်ငံရေး မဟာမိတ်ဖွဲ့မှုဟာ စစ်ရေး အောင်ပွဲတွေအတွက် လုပ်နိုင်စွမ်းကို ရှေ့တိုးရောက်ရှိစေပါလိမ့်မယ်။ နိုင်ငံရေး မဟာမိတ်ဖွဲ့မှုဟာ ပြည်သူတွေရဲ့ ဆော်ဩစည်းရုံးမှုနဲ့ ဖွဲ့စည်းမှုကို ဆက်ထိန်းထားနိုင်ပါတယ်။ ပြီးတော့ နောက်ဆုံးမှ ပြောရပေမယ့် အရေးကြီးတာတစ်ခုက ရှင်းလင်းတဲ့ နိုင်ငံရေး မဟာမိတ်ဖွဲ့မှုတစ်ခုဟာ တရားဝင်မှု၊ ငွေကြေးနဲ့ လက်နက်တွေနဲ့ပတ်သက်တဲ့ မေးခွန်းတွေနဲ့ ပတ်သက်လို့ အိမ်နီးချင်းတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ရပ်တည်ချက်ကို ပြောင်းလဲစေနိုင်ပါတယ်။

ဆိုဖီယာ။ ။ နွေဦးတော်လှန်ရေးမှာ ပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ (EROs) တွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်အထိ အရေးပါသလဲ။

အီဂေါ်။ ။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ (EROs) တွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်လို့ ပြောရရင် EROs တွေတင်မကဘဲ၊ ပိုပြီးကျယ်ပြန်တဲ့ တိုင်းရင်းသား သက်ဆိုင်ပတ်သက်သူတွေရဲ့ အခန်းကဏ္ဍနဲ့ လက်နက်ကိုင်တွေရော နိုင်ငံရေးနဲ့ နိုင်ငံသားပြည်သူတွေရဲ့ အခန်းကဏ္ဍရောက အင်မတန် အရေးကြီးပါတယ်။

NUG က တစ်သီးတစ်သန့်ဖြစ်နေမယ်ဆိုရင် အရေးနိမ့်ပါလိမ့်မယ်။ သက်ဆိုင်တဲ့ တိုင်းရင်းသား အဖွဲ့အုပ်စု အများစုက NUG ကို ထောက်ခံအားပေးပြီး၊ NUG နဲ့ အတူလက်တွဲလုပ်ဆောင်တာ ဒါမှမဟုတ် NUG မှာ ပါဝင်မှု မရှိဘဲနဲ့တော့ NUG အနေနဲ့ အပြည့်အဝ တရားဝင်မှု ရှိမှာမဟုတ်ပါဘူး။ EROs တွေ မရှိဘဲနဲ့ PDFs တွေဟာလည်း လက်နက်တွေ၊ ထောက်ပံ့ဖြည့်ဆည်းလမ်းကြောင်းတွေ ဒါမှမဟုတ် လေ့ကျင့်သင်ကြားမှုတွေ မရှိပါဘူး။ EAOs တွေ မပါဘဲ PDFs တွေဟာ စစ်တပ်ကို လုံလုံလောက်လောက် အထိနာမှုတွေ ဖြစ်စေဖို့နဲ့ အစွမ်းကုန် ကြိုးစားဖို့ လုံလောက်တဲ့ စစ်ရေး အင်အားနဲ့ လူအင်အား မရှိပါဘူး။ နိုင်ငံရေး မဟာမိတ်ဖွဲ့မှု မရှိရင် နိုင်ငံတကာကလည်း အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်တဲ့ တပ်ဖွဲ့တွေကို တက်တက်ကြွကြွ ထောက်ခံအားပေးလိုစိတ် မရှိဘဲ ဆက်ဖြစ်နေပါလိမ့်မယ်။

ဒါပေမယ့် တစ်ဖက်မှာလည်း ညီမျှခြင်းက တစ်ခြားနည်းနဲ့ သွားပါတယ်။ ဗမာပြည်ရဲ့ မြေနိမ့်ပိုင်းတွေနဲ့ အထက်အညာဒေသမှာ လက်နက်ကိုင်၊ ပြည်သူ့တော်လှန်ရေး မရှိဘဲနဲ့တော့ EROs တွေဟာ စစ်တပ်နဲ့ ဘက်ညီမှာ မဟုတ်ပါဘူး။ EROs တွေဟာ ပထဝီဝင်အနေအထားကြောင့် မျက်နှာစာတစ်ခုတည်းအဖြစ် စုစည်းညီညွတ်ဖို့ အမြဲတစေ ခက်ခဲနေပါလိမ့်မယ်။ တကယ်လို့ စစ်အုပ်စုက ဗမာရဲ့ ဗဟိုချက်မဒေသတွေ၊ စီးပွားရေး ပိုင်ဆိုင်မှုအာမခံ အားလုံးနဲ့ ဗမာအများစုကို လူသစ်စုဆောင်းမှု အခြေစိုက်နေရာအဖြစ် ထိန်းချုပ်တယ်ဆိုရင် စုစည်းညီညွတ်မှုရှိတဲ့ တိုင်းရင်းသား မဟာမိတ်အဖွဲ့တောင်မှ စစ်အုပ်စုဆီက အပေးအယူ လုပ်ယူဖို့ မလုံလောက်ပါဘူး။ စစ်အုပ်စုရဲ့ သွေးခွဲ အုပ်ချုပ်တဲ့ မူဝါဒက အမြဲတစေ ပိုပြီး ထိရောက်ပါလိမ့်မယ်။

ပြည်သူအများစုနဲ့ ပြည်ပရောက် မြန်မာတွေရဲ့ ထောက်ပံ့အားပေးမှုနဲ့အတူ ဗမာ PDF တော်လှန်ရေးအင်အားစုတွေနဲ့ ERO တော်လှန်ရေးအင်အားစုတွေအကြား မဟာမိတ်ပြုမှုက SAC ကို သေရေးရှင်ရေး အခြေအနေ အဆင့်ဆီ ရောက်စေအောင်နဲ့ မင်းအောင်လှိုင် ဖယ်ရှားခံရတဲ့ အခြေအနေဆီ ရောက်စေအောင် လုပ်နိုင်စွမ်း ရှိပါတယ်။ အဲဒါ ဖြစ်လာတာနဲ့တစ်ပြိုင်နက် မြန်မာရဲ့ လုံးလုံးလျားလျား သမိုင်းသစ်တစ်ခုက စတင်ပါလိမ့်မယ်။ အဲဒါက ဖက်ဆစ်ဂျပန်တပ်ကို အနိုင်ယူသလိုမျိုး လွတ်လပ်ရေးသစ်တစ်ခုလို ဖြစ်ပါလိမ့်မယ်။ အစသစ်တစ်ခုအတွက် အခွင့်အလမ်းတစ်ခုပါ။

ဆိုဖီယာ။ ။ နွေဦးတော်လှန်ရေးဟာ နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှုကို ဘယ်လောက်အထိ ရထားပါသလဲ။

အီဂေါ်။ ။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်နွှဲမှု၊ ပြည်သူတွေအပေါ် ရန်လိုမှုနဲ့ တစ်ဖက်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ပြည်သူလူထုရဲ့ မိမိကိုယ့်ကိုယ် ခုခံကာကွယ်မှုနဲ့ လွတ်မြောက်ရေးစစ်ပွဲ တို့ ရှိနေတဲ့ မြန်မာရဲ့ လက်ရှိ ပဋိပက္ခစစ်ရဲ့ ရလဒ်ကိုတော့ နိုင်ငံတွင်းမှာ ရှိတဲ့ အင်အားတွေကပဲ အဓိက ဆုံးဖြတ်ပေးပါလိမ့်မယ်။ နိုင်ငံခြား၊ ပြင်ပ အစုအဖွဲ့တွေကတော့ ဒုတိယ အခန်းကဏ္ဍကနေ ပါဝင်ပါလိမ့်မယ်။

ခုထက်ထိတော့ နိုင်ငံတကာက ဒီအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ကြားဝင်ဖို့ ရှောင်ထားကြပါတယ်။ သူတို့ဟာ မြန်မာပြည်တွင်းက မီးကို သူတို့ကိုယ်တိုင် ငြှိမ်းဖို့အတွက် ထိုင်ပြီး စောင့်ကြည့်နေကြပါတယ်။ မြန်မာရဲ့ အိမ်နီးချင်းတွေနဲ့ အာဆီယံတို့ကတော့ ထိန်းချုပ်ဟန့်တားတဲ့ ကစားပွဲတစ်ခုမှာ ရှိနေပါတယ်။ သူတို့ဟာ ဒီအကျပ်အတည်းကို ပြေလည်အောင် ဖြေရှင်းဖို့ အဓိပ္ပါယ်ရှိတဲ့ တစ်ခုခုကို လုပ်ဖို့ အလေးအနက် ကြိုးပမ်းရမယ့်အစား မြန်မာအကျပ်အတည်းရဲ့ မကောင်းတဲ့ သက်ရောက်မှုတွေ သူတို့တွေအပေါ် ကူးစက်ကျရောက်မှာကို ကန့်သတ်ထိန်းချုပ်ဖို့ကိုပဲ ကြိုးစားထားခဲ့ကြပါတယ်။

မြန်မာရဲ့ အိမ်နီးချင်းတွေ၊ အခြား အာရှနိုင်ငံတွေနဲ့ ကျန်တဲ့ နိုင်ငံတကာက ပါဝင်သူတွေက ခုထက်ထိကို စစ်တပ်မပါတဲ့ မြန်မာနိုင်ငံအဖြစ် စိတ်ကူးမကြည့်နိုင်သေးဘဲ ဆက်ရှိနေပါတယ်။ စစ်တပ်ဟာ “ဆွေးနွေးညှိနှိုင်း အဖြေရှာမှု” တစ်ခုရဲ့ အစိတ်အပိုင်း ဖြစ်ရလိမ့်မယ်လို့ သူတို့ ထင်မြင်နေကြတယ်။ အာဏာသိမ်းစစ်အုပ်စု ရှုံးဖို့ သေချာသလောက် ဖြစ်မယ်ဆိုတာ သိသာထင်ရှားလာချိန်ကျမှပဲ သူတို့ဟာ သူတို့ရဲ့ ချဉ်းကပ်မှုကို ပြောင်းလဲပါလိမ့်မယ်။ အဲဒီမတိုင်ခင်တော့ ပြောင်းမှာ မဟုတ်ပါဘူး။

အနိုင်ရမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေး မဟာမိတ်ဖွဲ့မှုရဲ့ ယုံကြည်စိတ်ချရတဲ့ ပုံရိပ်တစ်ခုကပဲ တရားဝင်မှု၊ ငွေကြေးနဲ့ လက်နက်ဆိုင်ရာ မေးခွန်းတွေနဲ့ပတ်သက်လို့ အိမ်နီးချင်းတွေနဲ့ နိုင်ငံတကာက ပါဝင်သူတွေရဲ့ရပ်တည်ချက်သဘောထားကို ပြောင်းလဲစေပါလိမ့်မယ်။ စစ်အုပ်စုရဲ့ ရက်စက်၊ ကြမ်းကြုတ်မှု အတိုင်းအတာ ပမာဏကြောင့်တော့ သူတို့ကို လက်ရှိ မလှုပ်မယှက် ရှိနေတဲ့ အနေအထားကနေ နိုးထစေမှာ မဟုတ်ပါဘူး။ သူတို့အနေနဲ့ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း ထုတ်ဖော်မယ်၊ ပြီးတော့ စစ်အုပ်စုကို သူတို့ မဆက်ဆံချင်တဲ့ အပယ်ခံအဖွဲ့တစ်ခု ပိုဖြစ်စေအောင် သူတို့ လုပ်ကောင်းလုပ်နိုင်တယ်ဆိုပေမယ့် သူတို့ဟာ စစ်အာဏာသိမ်းအုပ်စု ဆန့်ကျင်ရေး ကြိုးပမ်းမှုကို ဘယ်လို အဓိပ္ပါယ်ရှိတဲ့ လမ်းကြောင်းနဲ့မှ တက်တက်ကြွကြွ အားပေးထောက်ခံမှာ မဟုတ်ဘူး။ အဲဒါက အိမ်နီးချင်းတွေနဲ့ ဒေသတွင်းနိုင်ငံတွေဆီ စေ့ဆော်တိုက်တွန်းမယ့် ပြည်သူတွေရဲ့ ထိခိုက်ခံစားရမှုတွေအပေါ် မစာနာသလို ဖြစ်ပါတယ်။ ဒါပေမယ့် ဒါက အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တဲ့ မဟာမိတ်ဖွဲ့မှုရဲ့ လွှမ်းမိုးအောင်နိုင်မယ့် အလားအလာ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးကို ပြင်ပက လူတွေ အားပေးထောက်ခံမှု မရှိစေအောင် အဟန့်အတားဖြစ်စေလျက် ရှိတဲ့ အဓိက အစွဲသုံးခု ရှိပါတယ်။

ကျွန်တော်တို့ ပြောနိုင်တဲ့ တစ်ခုကတော့ “အာဏာရှင်ဆန်တဲ့ အစွဲ” ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ အလွယ်ပြောရရင် အာဏာရှင်ဆန်သူတွေဟာ အာဏာရှင်ဆန်သူတွေကိုပဲ ထောက်ခံအားပေးပါတယ်။ ဒါကြောင့်လည်း ထိုင်း၊ တရုတ်၊ ရုရှား၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့ဟာ မြန်မာစစ်အုပ်စုကို ထောက်ခံကြတာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့တောင်မှ ဒါကို အင်မတန်အကန့်အသတ်ဖြစ်တဲ့ နည်းလမ်းတစ်ခုနဲ့ပဲ လုပ်ကြတယ်။ တကယ်တမ်းမှာပဲ စစ်အုပ်စုနဲ့ အင်မတန် နီးစပ်တယ်ဆိုပြီး ဘယ်သူကမှ အထင်မခံချင်ကြပါဘူး။

အနောက်ဒီမိုကရေစီနိုင်ငံတွေက အတော်လေး ဝေးပါသေးတယ်။ သူတို့မှာ အခြား ဦးစားပေးကိစ္စတွေ ရှိနေပြီး မြန်မာမှာ အဓိက အကျိုးတရားတွေ ရှိမနေပါဘူး။

ဒုတိယ အစွဲရှိမှုကိုတော့ “ဂိုလီယက်စ် အစွဲ” လို့ ကျွန်တော်တို့ ခေါ်လို့ရပါတယ်။ အတိအကျပြောရရင်တော့ လူမဆန်ရက်စက် ဖိနှိပ်တဲ့ အစိုးရတွေဟာ ပြည်သူတွေရဲ့ ဆန့်ကျင်တော်လှန်မှုတွေကို အဆုံးမှာ အောင်နိုင်လွှမ်းမိုးတယ်ဆိုတဲ့ ယုံကြည်မှုနဲ့ အတွေ့အကြုံပဲဖြစ်တယ်။ လက်တွေ့ဘဝမှာ ဂိုလီယက်စ်ဟာ အမြဲတစေ ဒေးဗစ်အပေါ် အောင်နိုင်ပါလိမ့်မယ်။ ဒါကလည်း အီဂျစ်၊ ဗင်နီဇွဲလား၊ ဘယ်လာရုစ်၊ ဟောင်ကောင် တို့မှာ ဖြစ်ပျက်ထားခဲ့ပါတယ်။ အမြစ်တွယ်၊ ရင်းမြစ်ကြွယ်ဝပြီး သူတို့ရဲ့ ဖိနှိပ်တဲ့ ယန္တရားကို ဆက်ပြီး စွဲကိုင်ထားတဲ့ အစိုးရတွေဟာ အင်မတန် ကြီးမားတဲ့ လူထုဆန္ဒပြမှုတွေကို အဆုံးစွန်မှာ အကွက်ကျကျ၊ လူမဆန် အကြမ်းဖက်ပြီး ဖိနှိပ်ကြပါတယ်။ မြန်မာမှာလည်း အလားတူ ဖြစ်လိမ့်မယ်လို့ နိုင်ငံခြားက အများအပြားက တွေးထင်ထားခဲ့ကြပါတယ်။ ဒါကြောင့်လည်း ကုလ အေဂျင်စီတွေ၊ အိန္ဒိယ၊ ဂျပန်နဲ့ အခြားနိုင်ငံ အများအပြားဟာ စစ်အုပ်စုရဲ့ ပြစ်မှုတွေ ရှိလင့်ကစား စစ်အုပ်စုကို ချွေးသိပ်ဖို့ ကြိုးပမ်းနေကြတာဖြစ်တယ်။ သူတို့ဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ သူတို့ရဲ့ ပထဝီနိုင်ငံရေးနဲ့ စီးပွားရေး အကျိုးတရားတွေကို ဆက်ထိန်းထားချင်ကြတာဖြစ်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ တည်ငြိမ်မှု အစွဲလို့ ကျွန်တော်တို့ ပြောလို့ရတဲ့ အစွဲရှိမှုပဲဖြစ်တယ်။ အတိအကျ ပြောရရင် ကမ္ဘာ့နိုင်ငံရေးထဲက အတော်များများက တည်ငြိမ်မှုနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်ကြတာပဲဖြစ်တယ်။ လူတိုင်းဟာ ကျရှုံးနိုင်ငံတွေကို ကြောက်ကြတယ်။ အတော်များများကတော့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောမှာ မဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံပြိုကွဲ၊ ဝရုန်းသုန်းကားဖြစ်၊ အုပ်ချုပ်လို့မရ၊ ပြည်တွင်းစစ်အများအပြား ဖြစ်တာထက်စာရင် “အာဏာရှင်ဆန်တဲ့ တည်ငြိမ်မှု” ကို သူတို့ ပိုလိုလားကြပါတယ်။ ဒီကနေ့ နိုင်ငံတကာ နိုင်ငံရေးမှာဆိုရင်လည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပေါ် အကာအကွယ်ပေးမှုကို ဦးစားပေးအဖြစ် ရှုမြင်တဲ့သူ ဘယ်သူမှ မရှိပါဘူး။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို အားပေးထောက်ခံတဲ့ ပြောဆိုမှုတွေက ဆက်ရှိကောင်း ရှိနေနိုင်ပေမယ့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အကာအကွယ်ပေးတာကို ထောက်ခံတဲ့ နိုင်ငံရေးအတွက် လိုလားမှုဆန္ဒ မရှိနိုင်ပါဘူး။ လူတိုင်းဟာ အခြေခံအားဖြင့်တော့ သူတို့ရဲ့ ကိုယ်ပိုင်ဖြစ်တဲ့ ကျဉ်းမြောင်းတဲ့ ကိုယ်ကျိုးစီးပွား၊ စီးပွားရေး၊ လုံခြုံရေး ဒါမှမဟုတ် ပထဝီနိုင်ငံရေးအတွက်ပဲ အလေးထားဂရုစိုက်သလို ပိုပိုပြီး မတည်မငြိမ် ဖြစ်လာတဲ့ ကမ္ဘာကြီးမှာ တည်ငြိမ်မှုနဲ့ပတ်သက်လို့ပဲ လူတိုင်းဟာ စိုးရိမ်ပူပန်ကြပါတယ်။

တပ်မတော်မရှိရင် မြန်မာဟာ ဗဟိုအစိုးရ မရှိဘဲ မတူညီတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ဘုရင်တွေ ထိန်းချုပ်တဲ့ သေးငယ်တဲ့ နယ်မြေတွေအဖြစ် ပြိုကွဲသွားလိမ့်မယ်ဆိုတဲ့ နက်ရှိုင်းတဲ့ အစွဲတစ်ခုက ပြင်ပက လူအများစုဆီမှာ ရှိပါတယ်။ သူတို့ နားမလည်၊ မသိတာကတော့ တကယ်တမ်းမှာ မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုက သူတို့ ကြောက်တဲ့အရာဖြစ်တဲ့ မြန်မာကို လုံးလုံးလျားလျား ဝရုန်းသုန်းကား ဖြစ်စေအောင် ပြိုကွဲစေဖို့နဲ့ ကျရှုံးနိုင်ငံတစ်ခုဖြစ်အောင် လုပ်နေတယ်ဆိုတာပဲဖြစ်တယ်။
နွေဦးတော်လှန်ရေးမှာ ပါဝင်သူတွေနဲ့ NUG တို့အနေနဲ့ နိုင်ငံတကာက သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံချိန်မှာ မတူညီတဲ့ ဇာတ်ကြောင်းတစ်ခုကို အသုံးပြုသင့်တယ်လို့ ကျွန်တော် ထင်တယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ဆိုင်ရာ အလေးအနက် ပြောဆိုချက်တွေကို အလေးထားမယ့်အစား၊ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် အကူအညီအပေါ် မှီခိုအားထားဖို့ ကြိုးပမ်းမယ့်အစား ကျွန်တော်တို့ လုပ်ဖို့ လိုတာက ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် “အနိုင်ရမယ့် ဇာတ်ကြောင်း” နဲ့ မိမိတို့ရဲ့ ကိုယ်ပိုင် “တည်ငြိမ်မှု ဇာတ်ကြောင်း” ကို အဆိုပြုဖို့နဲ့ သက်ဝင်မှု ရှိစေအောင် လုပ်ဖို့ပဲဖြစ်တယ်။

“အနိုင်ရမယ့် ဇာတ်ကြောင်း” ထဲက အဓိက ပြောစရာ အချက်တွေကတော့ “ငါတို့ ဘယ်တော့မှ လက်လျှော့အရှုံးမပေးဘူး။ စစ်အုပ်စုက တဖြည်းဖြည်းနဲ့ အရေးနိမ့်လာနေပြီး ရှုံးတော့မယ်။ အဆုံးသတ်မှာ ငါတို့ပဲ နိုင်လိမ့်မယ်” ဆိုတာပဲဖြစ်တယ်။ “တည်ငြိမ်မှု ဇာတ်ကြောင်း” မှာ ပါသင့်တဲ့ အဓိက ပြောစရာအချက်တွေက စစ်အုပ်စုဟာ နိုင်ငံ ကျရှုံးမှုနဲ့ အဆုံးမရှိတဲ့ စစ်ပွဲရဲ့ ရင်းမြစ်ဖြစ်တယ်။ အာဏာကို စုစည်းဖို့ မင်းအောင်လှိုင်ရဲ့ အချည်းနှီးဖြစ်တဲ့ အားထုတ်မှုဟာ ဘယ်တော့မှ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် တကယ်လို့ သူဟာ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်စစ်ပွဲ ဆင်နွှဲတာကို ဆက်လုပ်ခွင့် ပြုမယ်ဆိုရင် သူဟာ နိုင်ငံကို ပြင်လို့မရအောင်အထိ ကျရှုံးနိုင်ငံတစ်ခု ဖြစ်အောင် ပြိုကွဲစေနိုင်တယ်။ မိမိတို့ NUG အစိုးရနဲ့ EROs တွေဟာ မြန်မာနိုင်ငံမှာ အဓွန့်ရှည် ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုအတွက် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်တဲ့ မဟာမိတ်ပဲဖြစ်တယ် ဆိုတာပဲဖြစ်တယ်။

နိုင်ငံတကာက သက်ဆိုင်သူတွေ (မူဝါဒ ချမှတ်သူတွေသို့မဟုတ် မီဒီယာဖြစ်ပါစေ) နဲ့ တွေ့ဆုံဆက်ဆံတဲ့အခါတိုင်း ဒါကို ထပ်တလဲလဲ ထုတ်ဖော်သင့်ပါတယ်။

အိမ်နီးချင်းတွေ၊ ဒေသတွင်း နိုင်ငံတွေနဲ့ နိုင်ငံတကာက ပါဝင်သူတွေဆီကနေ တကယ့်လက်တွေ့ကျကျ ဘာများ မျှော်လင့်လို့ရမလဲ။ မိမိတို့အနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းစဉ်အတိုင်း တဖြည်းဖြည်း ရှေ့ဆက်သွားရုံသာ ရှိနိုင်တယ်။ လက်ရှိမှာ စစ်အုပ်စုကို ချွေးသိပ်နေတဲ့ ဒါမှမဟုတ် မလှုပ်မယှက် ထောက်ခံနေသူတွေကို အဲဒီလိုလုပ်ဖို့ စိတ်ဆန္ဒ နည်းသည်ထက် နည်းအောင် မိမိတို့ လုပ်လို့ ရနိုင်တယ်။ လက်ရှိအချိန်မှာ နွေဦးတော်လှန်ရေးကို မလှုပ်မယှက် ထောက်ခံသူတွေကို အခုထက် ပိုပြီး လုပ်ဆောင်လာဖို့ အသင့်ရှိစေအောင် လုပ်လို့ ရနိုင်ပါတယ်။ ဒါပေမယ့် မင်းအောင်လှိုင်နဲ့ စစ်အုပ်စုအပေါ် အနိုင်ယူ ဖယ်ရှားဖို့အတွက်ကတော့ မြန်မာပြည်သူတွေကို ပြင်ပက ဘယ်သူကမှ လာပြီး ကူညီမှာ မဟုတ်ပါဘူး။ အဲဒါကို ပြည်တွင်း အင်အားစုတွေနဲ့ပဲ လုပ်ဆောင်လို့ ရနိုင်တယ်။ အဲဒါကို လုပ်ဖို့အတွက် တက်ကြွပြီး စိတ်ပိုင်းဖြတ်နှစ်မြှုပ်မှု ရှိတဲ့ မဟာမိတ်ဖွဲ့မှု လိုအပ်ပါတယ်။

ဆိုဖီယာ။ ။ စစ်ကောင်စီ စီစဉ်တဲ့ ရွေးကောက်ပွဲ အပေါ်မှာရော ဘယ်လိုမြင်သလဲ။

အီဂေါ်။ ။ စစ်အုပ်စုက ရွေးကောက်ပွဲအကြောင်း ပြောနေတာက အချိန်ဆွဲတဲ့ မဟာဗျူဟာသက်သက်ပါပဲ။ သူတို့ ကြေညာနေတဲ့ သတ်မှတ်အချိန်အတွင်းမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ သူတို့ တကယ်တမ်း မရည်ရွယ်ပါဘူး။ စစ်ကောင်စီဟာ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယလိုမျိုး နိုင်ငံတွေဆီကနေ တရားဝင်ဖြစ်မှု တချို့တလေ ရဖို့ ကြိုးပမ်းတဲ့ ကစားပွဲတစ်ခုကို ကစားဖို့အတွက် ရွေးကောက်ပွဲတစ်ခု ပြင်ဆင်နေသလို ဟန်ဆောင်ပြီး ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပြောဆိုနေတာဖြစ်တယ်။ သိပ်မကြာခင် အချိန်တစ်ခုခုမှာ အတုအယောင်၊ ဇာတ်တိုက်ထားတဲ့ ရွေးကောက်ပွဲကိုတောင်မှ မစီစဉ်နိုင်ဘူးဆိုတာကို စစ်ကောင်စီအနေနဲ့ သိနေပြီးသားပါ။

အာဏာသိမ်းလိုက်တဲ့ ကနဦးတုန်းကတော့ နောက် နှစ်နှစ်အကြာမှာ ရွေးကောက်ပွဲတွေ လုပ်ပေးမယ်ဆိုတဲ့ ပလန်အေတစ်ခု မင်းအောင်လှိုင်ဆီမှာ ရှိခဲ့တယ်။ ဒါပေမယ့် ခုချိန်မှာတော့ အဲဒီ.အတိုင်း မလုပ်နိုင်တော့ဘူးလို့ စစ်ကောင်စီ ကိုယ်တိုင် ဝန်ခံထားခဲ့ရတယ်။ ဆိုတော့ စစ်ကောင်စီဟာ “ရွေးကောက်ပွဲတွေ” ၊ “ရွှေ့ဆိုင်းလိုက်ရတဲ့ ရွေးကောက်ပွဲတွေ” ၊ “မဲစာရင်း ကောက်ယူမှု” နဲ့ “သန်းခေါင်စာရင်း ကောက်ယူမှု” ဆိုတဲ့ စိတ်ဓာတ်စစ်ဆင်ရေး လုပ်ဆောင်မှုတွေနဲ့အတူ ဘာတွေ ရရှိအောင်မြင်နိုင်သလဲ ဆိုတာကို ခုချိန်မှာ စမ်းသပ်နေပါတယ်။ အတုအယောင် အချိန်ဇယားသစ်တစ်ခုခုကို သင့်တော်ကြောင်း ပြဖို့နဲ့ အာရုံလွှဲဖို့အတွက် အမြဲတစေ ဗန်းပြကိစ္စသစ်တစ်ခု ပြတာပဲဖြစ်တယ်။

မင်းအောင်လှိုင်ဟာ ငါးနှစ် အချိန်စက်ဝန်းတစ်ခုကို ဖရိုဖရဲဖြစ်စေလျက်နဲ့ ဖြတ်ကျော်နိုင်အောင် ကြိုးပမ်းရင်း ခုချိန်မှာ နောက်ထပ် အစားထိုး အစီအစဉ်တစ်ခုကို လုပ်နေတယ်။ အဲဒီငါးနှစ် ကာလပြီးရင်တော့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ဟာ အရေးပါတော့မှာ မဟုတ်ဘူးလို့ သူ ယုံကြည်ထားသလို အဲဒီနောက်ပိုင်းကျမှပဲ ရွေးကောက်ပွဲတွေ ကျင်းပနိုင်လိမ့်မယ်လို့ သူ ထင်နေပါလိမ့်မယ်။

အဓိက ပြောရရင်တော့ ၂၀၂၃ မှာရော၊ ၂၀၂၄ မှာရောနဲ့ ၂၀၂၅ မှာရော စစ်ကောင်စီ စီစဉ်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်မှာမဟုတ်ပါဘူး။

ရွေးကောက်ပွဲတွေက တကယ့်ကို ရှိမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီရွေးကောက်ပွဲတွေကို မြန်မာပြည်သူလူထုကလည်း လက်ခံမှာ မဟုတ်လို့ ဖြစ်တယ်။ ပြည်သူတွေဟာ အဲဒီရွေးကောက်ပွဲမှာ ပါဝင်ကြမှာ မဟုတ်ပါဘူး။ နိုင်ငံသားပြည်သူတွေရော၊ လက်နက်ကိုင်တွေရော အပါအဝင် တော်လှန်ရေးအင်အားစုတွေက အဲဒါကို အလျဉ်ပြတ်စေပါလိမ့်မယ်။ ပြီးတော့ အဲဒီလိုမျိုး “ရွေးကောက်ပွဲတွေ” ကို ပွဲဖျက်ဖို့က အပြည့်အဝ သဘာဝကျပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါတွေက “ရွေးကောက်ပွဲတွေ” မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေး ဒါမှမဟုတ် စိတ်ဓာတ်စစ်ဆင်ရေးတစ်ခု ဖြစ်နေလို့ပါ။

မြန်မာ့ နွေဦးတော်လှန်ရေးရဲ့ တက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဖက် လူ့အဖွဲ့အစည်းနဲ့ တော်လှန်ရေး အင်အားစုတွေအနေနဲ့ ဆက်ပြီး နိုးကြား တက်ကြွစွာ ရှိနေဖို့ လိုပါတယ်။ ဒါ့အပြင် လူမုန်းများတဲ့ အုပ်ချုပ်သူတွေက ပြင်ပကို လှည့်စားဖို့ အဆောက်အအုံ မျက်နှာစာတွေပဲ ဟန်ပြတည်ဆောက်ထားတဲ့ အခြေအနေမျိုးနဲ့ တူညီတဲ့ ရွေးကောက်ပွဲမျိုး ဖြစ်မယ့် အစီအစဉ်မျိုးကို စတင် ပြင်ဆင်မယ့် ဘယ်လို ကြိုးပမ်းမှုကိုမဆို အယုံအကြည်မရှိ၊ လက်မခံ၊ အလျဉ်ပြတ်စေဖို့ လိုပါတယ်။

ဆိုဖီယာ။ ။ ဖက်ဒရယ် ပဋိညာဉ်က ဖက်ဒရယ်ဒီမိုကရေစီကို ဘယ်လောက် အတိုင်းအတာအထိ အာမခံပေးနိုင်မလဲ။

အီဂေါ်။ ။ ဖက်ဒရယ် ပဋိညာဉ်နဲ့ NUCC လုပ်ငန်းစဉ်တစ်ခုလုံးက နွေဦးတော်လှန်ရေးရဲ့ အရေးကြီးတဲ့ အဆင့်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလုပ်ငန်းစဉ်က တစ်ခဏအတွင်းမှာပဲ ပိတ်မိနေခဲ့တယ်။ အင်မတန် အရေးပါတဲ့တချို့က အစပိုင်းကစလို့ NUCC မှာ မပါထားခဲ့ကြဘူး။ အခြားတချို့လည်း လုပ်ငန်းစဉ်ကနေ နုတ်ထွက်ထားကြတယ်။ တစ်ချိန်တည်းမှာလည်းပဲ နိုင်ငံရေး လက်တွေ့ပကတိတရားနဲ့ ပါဝါအရွေ့တွေကလည်း အခြားတစ်နေရာကို ရွေ့ထားခဲ့တယ်။

ဖက်ဒရယ်လစ်ဇင်၊ ကိုယ်ပိုင်လုပ်ပိုင်ခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တို့ဟာ နိုင်ငံ လွတ်လပ်ရေးရပြီးချိန်ကတည်းကစလို့ မြန်မာ တိုင်းရင်းသားလူမျိုးစုအားလုံးရဲ့ အဓိက တောင်းဆိုမှုတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီတောင်းဆိုချက်ကို စစ်အာဏာရှင်အစိုးရက ဘယ်တုန်းကမှ နားမထောင်ခဲ့သလို ဖိနှိပ်မှုတွေပဲ လုပ်ထားခဲ့တယ်။ ၂၀၁၀ နဲ့ ၂၀၁၅ အကြား ကာလတစ်ခုနဲ့ ၂၀၁၆ နဲ့ ၂၀၂၁ ဖေဖေါ်ဝါရီအကြား ကာလတို့မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးမှုတွေရဲ့ အဓိကနေရာမှာ ရှိတဲ့ အရေးကြီးတဲ့ မေးခွန်းကတော့ မြန်မာစစ်တပ်နဲ့ ၂၀၁၆ နောက်ပိုင်း NLD အစိုးရအနေနဲ့ ပြည်နယ်တွေကို ထောက်ခံရင်း ဗဟိုကနေ လုပ်ပိုင်ခွင့်အာဏာ ဘယ်လောက်အထိ ခွဲဝေပေးတာကို လက်ခံလိုမှု ရှိမလဲ ဆိုတာနဲ့ ဗမာ လွှမ်းမိုးတဲ့ ဗဟိုအစိုးရက လုပ်ပိုင်ခွင့်အာဏာဘယ်လောက်အထိကို တိုင်းရင်းသားလူမျိုးစုတွေနဲ့ ဝေမျှ၊ ခွဲဝေပေးဖို့ အဆင်သင့်ဖြစ်မလဲ ဆိုတာပဲဖြစ်တယ်။

ဗဟိုအစိုးရရဲ့ လုပ်ပိုင်ခွင့်၊အာဏာကို ဒေသအစိုးရထံ ခွဲဝေပေးခြင်းဆိုတာကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထည့်သွင်းပေါင်းစပ်မှုကနေတဆင့် ဗဟို တစ်ပြည်ထောင်နိုင်ငံအနေနဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့ ဘတ်ဂျက် ရင်းမြစ် ဘယ်လောက်ကို ဗဟိုကနေ ဒေသအစိုးရဆီ ခွဲဝေဖို့၊ လွှဲပြောင်းပေးဖို့နဲ့ အာဏာခွဲဝေကန့်သတ်ဖို့ အသင့်ဖြစ်သလဲ ဆိုတာက အဓိက မေးခွန်းဖြစ်တယ်လို့ ကျွန်တော်တို့ ပြောလို့ ရနိုင်တယ်။ အဲဒါက မြန်မာ့ ဖက်ဒရယ်လစ်ဇင်ရဲ့ အခြေခံကျတဲ့ မေးခွန်း မဟုတ်တော့ပါဘူး။ အာဏာသိမ်းဖို့ ကြိုးပမ်းမှုတွေ၊ အထမမြောက်တဲ့ အာဏာသိမ်းမှုတွေနဲ့ အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ အခြေအနေတွေက မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ဩဇာလွှမ်းမိုးဆက်နွယ်မှုတွေအပေါ် အခြေခံကျကျ ပြောင်းလဲထားစေခဲ့တယ်။

စစ်အာဏာသိမ်းမှု မအောင်မြင်တာနဲ့ နိုင်ငံရဲ့ ကြီးမားတဲ့ ဒေသတွေမှာ အုပ်ချုပ်ရေးနဲ့ နယ်မြေထိန်းချုပ်မှုကို စစ်အုပ်စုဘက်က တဖြည်းဖြည်း ဆုံးရှုံးတာတို့က တစ်ဖက်၊ အခြားတစ်ဖက်မှာ NUG နဲ့ “ဒီမိုကရေစီ အုပ်စု” တို့က EROs တွေနဲ့ ERO ထိန်းချုပ်တဲ့ နယ်မြေတွေအပေါ် အရေးတကြီး အားကိုးမှုတို့ကြောင့် မြန်မာမှာ ဗဟိုအာဏာမှန်သမျှကို သိသိသာသာ အားနည်းထားစေခဲ့တယ်။

ဒီအချိန်အတောအတွင်းမှာ အောက်ခြေကနေ တက်တဲ့ ထွန်းသစ်စ ဖက်ဒရယ် ဖွဲ့စည်းတည်ဆောက်ပုံတွေဟာ ရှေ့ကို ဆက်တိုးနေပြီ ဖြစ်ပြီး အဲဒါက မပြောင်းလဲနိုင်တဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်တယ်။ ချင်းနဲ့ ကရင်နီတို့ဟာ သိသာထင်ရှားတဲ့ အတိုင်းအတာနဲ့ သူတို့ရဲ့ ကိုယ်ပိုင် နယ်မြေကို လွတ်မြောက်ထားစေပြီးဖြစ်သလို သူတို့ဟာ အဲဒါကို ခုခံကာကွယ်ဖို့ သံန္နိဋ္ဌာန်ချထားပြီး ခုခံကာကွယ်နိုင်စွမ်းရှိပုံလည်း ပေါ်သလို သူတို့ဟာ သူတို့ရဲ့ ကိုယ်ပိုင် ရှေ့ပြေး ပြည်နယ်ကို အောက်ခြေကနေ စပြီး တည်ဆောက်တဲ့ လုပ်ငန်းစဉ်မှာ ရှိနေပြီ။ ကချင်တွေဆိုရင်လည်း သူတို့ရဲ့ ကိုယ်ပိုင်ပြည်နယ်ရဲ့ အခြေခံအုတ်ချပ်တွေကို အင်မတန် စိတ်ရှည်ရှည်နဲ့၊ အလွန် မဟာဗျူဟာကျကျနဲ့ ချထားပြီ။ အေအေ (ရက္ခိုင့်တပ်တော်) ဦးဆောင်တဲ့ ရခိုင်ပြည်သူတွေဟာလည်း သူတို့ရဲ့ ကိုယ်ပိုင် ရှေ့ပြေး ပြည်နယ်ရဲ့ ဖောင်ဒေးရှင်း အုတ်မြစ်တွေ ချတဲ့ ရှေ့ကိုခရီးရောက်နေတဲ့ အဆင့်တွေမှာ ရောက်နေပြီ။ ကရင်တွေကျတော့ သူတို့အကြားမှာ အတွင်းပိုင်း သဘောကွဲလွဲမှုတွေ ရှိတာအပြင် သူတို့ဟာ ကရင်ပြည်နယ်ထဲမှာပဲ စုစည်းမှု ရှိတာမဟုတ်ဘဲ အခြား ပြည်နယ်နဲ့ တိုင်း တချို့မှာ ပျံ့နှံ့ရှိမှုတွေ ရှိတာကြောင့် သူတို့ဟာ အနည်းငယ် နောက်ကျကျန်နေပါတယ်။ ဒါပေမယ့် သူတို့ဟာလည်း သူတို့ရဲ့ ကိုယ်ပိုင် တိုင်းရင်းသားပြည်နယ် ရှိစေမယ့် သူတို့ရဲ့ ရည်မှန်းချက်တွေကို လက်လျှော့လိမ့်မှာ မဟုတ်ပါဘူး။ တရားဝင် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ၊ လက်တွေ့အုပ်ချုပ်စီမံနေတဲ့ ဝ တွေ ဆိုရင်လည်း သူတို့ရဲ့ ပြည်နယ် ရှိနေပြီးဖြစ်တယ်။ မွန်ကျတော့ ဒီ သမိုင်းဝင် အခွင့်အလမ်းရဲ့ စိန်ခေါ်မှုကို လက်ခံယူဖို့ ခေါင်းဆောင်ပိုင်း ရှိမနေခဲ့ဘူး။ ဒါပေမယ့် သူတို့လည်း နိုးထလာနေပြီဖြစ်တယ်။ ရှမ်းပြည်နယ်မှာတော့ အင်မတန် မတူကွဲပြားမှု များပြားတာနဲ့ အဲဒီမှာ လက်နက်ကိုင်အဖွဲ့တွေ များတာကြောင့် အင်မတန် ရှုပ်ထွေးတဲ့ အခြေအနေကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အဲဒီမှာ အရာကိစ္စတွေ ဘယ်လိုတွေ ဖြစ်ပေါ်နိုင်သလဲ ဆိုတာကို ခန့်မှန်းကို အင်မတန် ခက်ပါတယ်။

ဒါကြောင့် မေးခွန်းကတော့ အပေါ်ကနေ အောက်ကို သွားတဲ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်တချို့က မြန်မာမှာ ဗဟိုအစိုးရနဲ့ သီးခြားပြည်နယ်တွေအကြား အာဏာကန့်သတ်ခွဲဝေမှု ရှိစေမှာလားနဲ့ အဲဒါကို ဘယ်လို ပြီးအောင် လုပ်ရမလဲ ဆိုတာ မဟုတ်တော့ပါဘူး။ မေးခွန်းကတော့ တစ်ဖက်မှာ ရှိလာပြီးဖြစ်သားဖြစ်တဲ့ အောက်ကနေ အပေါ်ကို သွားတဲ့ ဖက်ဒရယ် ဖွဲ့စည်းတည်ဆောက်ပုံတွေနဲ့ တစ်ခြားတစ်ဖက်က ဗမာ လူများစုရဲ့ နိုင်ငံရေးနဲ့ လက်နက်ကိုင်ခေါင်းဆောင်ပိုင်းတို့အနေနဲ့ အတူတကွ ပေါင်းဆုံစုစည်းရမယ့် အင်မတန် ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်ကို လမ်းကြောင်းပြဖို့ လုံလောက်တဲ့ မြှော်မြင်တွေးခေါ်မှု ရှိမှာလား ဆိုတာပဲဖြစ်တယ်။

အထမမြောက်တဲ့၊ မအောင်မြင်တဲ့ အာဏာသိမ်းမှုကြောင့် ပြိုပျက်စေခဲ့ပြီးသားဖြစ်တဲ့ နိုင်ငံကို “အတူတကွ ပေါင်းစည်းစေမှု” ရဲ့ အနာဂတ်ကို လက်နက်ကိုင်အားလုံးဖြစ်တဲ့ မတူညီတဲ့ တိုင်းရင်းသားအဖွဲ့တွေက ကိုယ်စားလှယ်တွေရဲ့ ရနိုင်သမျှ အများဆုံး ရလိုတဲ့၊ တစ်ယူသန်ဖြစ်တဲ့၊ အလျှော့မပေးတဲ့ တောင်းဆိုချက်တွေနဲ့သာ မောင်းနှင်မယ် ဆိုရင်တော့ မြန်မာပြည်သူတွေဟာ ယောကျ်ား၊ မိန်းမတွေနဲ့ ကလေးတွေရဲ့ ဘဝတွေ “ဆင်းရဲ၊ မနှစ်မြို့ဖွယ်ရာဖြစ်၊ အရိုင်းအစိုင်းကဲ့သို့ဖြစ်၊ တိုတောင်း” တဲ့ Hobbesian Warre လိုမျိုး တူညီတဲ့ အခြေအနေတစ်ခုခုမှာပဲ ဆက်နေထိုင်သွားရပါလိမ့်မယ်။

လက်ရှိ မြန်မာကို ကျွန်တော် ကြည့်လိုက်တဲ့အခါ ပြစ်မှုကျူးလွန်ထားတဲ့ အာဏာသိမ်းစစ်အုပ်စုကို ညီမျှခြင်းကနေ ကျွန်တော် ဖယ်ထုတ်ကြည့်လိုက်မယ်ဆိုရင် တကယ့်ကို မတူညီတဲ့ ရင်းမြစ်တွေကနေ သူတို့ရဲ့ တရားဝင်ဖြစ်မှုကို ရရှိနေတဲ့ မတူညီတဲ့ နိုင်ငံရေးအစုအဖွဲ့ သုံးခု ရှိနေတာကို တွေ့ရမှာဖြစ်တယ်။ ပထမ အုပ်စုမှာတော့ အနည်းဆုံးတော့ တစ်စိတ်တစ်ဒေသ လွတ်လပ်၊ မျှတခဲ့တဲ့ ယခင် ရွေးကောက်ပွဲတွေမှာ ရလဒ်ကောင်းတွေ ရထားခဲ့တဲ့ နိုင်ငံရေး အင်အားစုတွေ ပါပါတယ်။ အဲဒီထဲမှာ NLD ပါသလို SNLD နဲ့ အခြားတိုင်းရင်းသားပါတီအနည်းငယ်လည်း ပါပါတယ်။ သူတို့တွေဟာ ရှေ့ကာလမှာ လွတ်လပ်ပြီး၊ တရားမျှတမှု ရှိမယ့် ရွေးကောက်ပွဲတွေမှာလည်း ရလဒ်ကောင်းတွေ ရဖို့ သေချာသလောက် ရှိမှာဖြစ်ပါတယ်။

ဒုတိယ အစုကတော့ နွေဦးတော်လှန်ရေးရဲ့ အဓိက မောင်းနှင်သူတွေဖြစ်တဲ့၊ ယနေ့အချိန်အထိ ရုန်းကန်တိုက်ပွဲဝင်မှုမှာ ကြီးကြီးမားမား ထည့်ဝင် ပါဝင်နေကြတဲ့ နိုင်ငံသားပြည်သူနဲ့ လူမှု အဖွဲ့တွေဖြစ်တယ်။ သူတို့မှာ သူတို့ ကိုယ်ပိုင် စီစဉ်ဖွဲ့စည်းထားတဲ့ အခြေခံအဆောက်အအုံတွေ၊ သူတို့ရဲ့ ကိုယ်ပိုင် ခေါင်းဆောင်မှုနဲ့ သူတို့ရဲ့ ကိုယ်ပိုင် သိသာထင်ရှားတဲ့  ဂုဏ်သတင်းတို့ ရှိပါတယ်။ မလွဲမသွေပဲ သူတို့ဟာလည်း မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ဘယ်လိုဘယ်ပုံ ဖြစ်မလဲ ဆိုတာမှာ ပြောပိုင်ခွင့် ရှိဖို့ သူတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးနဲ့ တရားဝင်မှုကို တောင်းဆိုပါလိမ့်မယ်။

နောက်ဆုံးအုပ်စုမှာတော့ စစ်အုပ်စု ပြိုလဲမယ့်အချိန် အခိုက်အတန့်မှာ ပိုမိုသေးငယ်တဲ့ ဒါမှမဟုတ် ပိုမိုကြီးမားတဲ့ နယ်မြေတွေကို ထိန်းချုပ်မယ့်၊ လက်နက်ကိုင်ဆောင်မယ့် လူတွေအားလုံး ပါဝင်ပါတယ်။

အနာဂတ် မြန်မာနိုင်ငံတော်သစ်တစ်ခုမှာ “အတူတကွ ပူးပေါင်း” ဖို့ အဲဒီ အစုအဖွဲ့အားလုံးရဲ့ ခေါင်းဆောင်တွေဘက်က အမြှော်အမြင်ဉာဏ်ပညာနဲ့ တာဝန်ယူမှုတွေ အများကြီး ရှိဖို့ လိုပါလိမ့်မယ်။ ဘယ်သူကမှ သူ/သူမ ရချင်တာ၊ ရှိချင်တာအားလုံးကို ရနိုင်မှာ မဟုတ်ပါဘူ။ လူတိုင်းဟာ အပေးအယူလုပ်တာတချို့ကို လက်ခံဖို့ လိုပါလိမ့်မယ်။

တစ်ယူသန်၊ တရားသေစွဲတဲ့၊ အများဆုံး ရလိုတဲ့ တောင်းဆိုမှုတွေအစား မြန်မာမှာ ရှိတဲ့ ကြွယ်ဝမှုနဲ့ အလားအလာတွေ၊ လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်မှုနဲ့ ငြိမ်းချမ်းမှု အလားအလာ၊ အာဏာရှင်စနစ် ချုပ်ငြိမ်းမှု၊ ဆယ်စုနှစ်များစွာကြာ ပြည်တွင်းပဋိပက္ခ အဆုံးသတ်မှုနဲ့ ခါးသီးတဲ့ အတိတ်ကနေ သင်ယူရရှိခဲ့တဲ့ သင်ခန်းစာတွေက အဓိက သက်ဆိုင်သူ အများစုကို အပေးအယူညှိနှိုင်းမှု စနစ်တစ်ခုဆီ ရောက်အောင် ချိန်ညှိပို့ဆောင်ပေးဖို့ လုံလောက်တဲ့ ခိုင်မာအားကောင်းတဲ့ ဆွဲဆောင်မှုတွေ ဖြစ်သင့်တယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။

** အီဂေါ် ဗလာဇီဗစ်သည် ၂၀၁၀ နှင့် ၂၀၁၆ အကြား Educational Initiatives Myanmar ၌ ကထိကတစ်ဦးဖြစ်သလို ပရက်ဂ် လူမှုအဖွဲ့အစည်း စင်တာမှ အကြီးတန်းအကြံပေးလည်း ဖြစ်သည်။
** ဆိုဖီယာသည် ဖက်ဒရယ်ဂျာနယ် မြန်မာမှ လက်ထောက် အယ်ဒီတာဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required