ဂျပန်အိုဆာကာတွင် ထောက်ပို့တော်လှန် နွေဦး သင်္ကြန် ပြုလုပ်မည်

By ကီရာ (မဇ္ဈိမ)
13 April 2023
ဂျပန်အိုဆာကာတွင် ထောက်ပို့တော်လှန် နွေဦး သင်္ကြန် ပြုလုပ်မည်

ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ဧပြီ ၁၆ရက် တနဂ်နွေနေ့တွင်  Hira Kata Shi Nippei Park ပန်းခြံ၌ မြန်မာ့လူထု ကူညီထောက်ပံ့ရေးအသင်းမှ ဦးစီး၍ ထောက်ပို့တော်လှန် နွေဦးသင်္ကြန်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထောက်ပို့တော်လှန်နွေဦးသင်္ကြန်ပွဲမှ ရရှိလာသည့် ရန်ပုံငွေများ၏ ၅၀ရာခိုင်နှုန်းကို NUG အစိုးရ လူသားချင်းစာနာထောက်ထားမှု ဝန်ကြီးဌာနကို လှူဒါန်းသွားမည်ဖြစ်ပြီး ကျန်သည့် ၅၀ရာခိုင်နှုန်းကို မြေပြင်တွင် အမှန်တကယ် အလုပ်လုပ်နေသည့် အဖွဲ့အစည်းများကို ရွေးချယ် လှူဒါန်းသွားမည်ဖြစ်ကြောင်း မြန်မာ့လူထု ကူညီထောက်ပံ့ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ကျွန်တော်တို့ အတိအကျမဟုတ်သေးပေမယ့် ခန့်မှန်းထားချက်အရ လက်မှတ်ရောင်းရငွေရဲ့ ၅၀ရာခိုင်နှုန်းကို ကျွန်တော်တို့ NUG အစိုးရ လူသားချင်းစာနာထောက်ထားမှု ဝန်ကြီးဌာနကို လှူဒါန်းသွားမှာဖြစ်ပါတယ်။ ကျန်တဲ့ ၅၀ရာခိုင်နှုန်းကိုတော့ မြေပြင်မှာ တကယ်တမ်း အလုပ်လုပ် တိုက်ပွဲဝင်နေတဲ့ မြေပြင်ကအဖွဲ့တွေ PDF အဖွဲ့တွေ တကယ်တမ်းတိုက်ပွဲဝင်နေတဲ့ အဖွဲ့တွေကို ရွေးချယ်ပြီးတော့ လှူဒါန်းသွားမှာဖြစ်ပါတယ်။ တချို့သော ဂျပန်လူမျိုးတွေကနေ ဒီပွဲမှာ ထပ်ပြီးတော့ လှူဒါန်းမယ့် အလှူငွေလေးတွေ ရှိမယ်လို့လဲ ခန့်မှန်းထားပါတယ်။ အဲ့ဒီအလှူငွေတွေ များခဲ့မယ်ဆိုရင် ဂျပန်လူမျိုးတွေရဲ့ အလှူငွေဖြစ်တဲ့အတွက်ကြောင့်မို့ NUG အစိုးရရဲ့ လူသားချင်းစာနာထောက်ထားမှု ဝန်ကြီးဌာနကို လှူဒါန်းသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ သင်္ကြန်အတွက် လက်မှတ်တစ်စောင်ကို  ဂျပန် ယန်း ၂၀၀၀ဖြင့် သတ်မှတ်ရောင်းချပြီး ဂျပန်ယန်း ၁၀၀၀တန် မုန့်စားလက်မှတ်ကိုလည်း ပြန်လည်ပေးသွားမည်ဖြစ်သည်ဟုသိရသည်။
 ထို့အပြင် လက်မှတ် အစောင် ၁၀၀၀သာ ရောင်းချရန် စီစဉ်ထားသော်လည်း ဝယ်ယူသူများပြားသည့်အတွက် လက်မှတ်အစောင် ၂၀၀၀ ရောင်းချခဲ့ရပြီး လက်ရှိအချိန်တွင် လက်မှတ်အစောင် ၂၀၀၀ လုံး ရောင်းချပြီးပြီဖြစ်သည့်အတွက် ပန်းခြံနေရာအခက်အခဲကြောင့် လက်မှတ်များ ဆက်လက်ထုတ်ရောင်းရန် မရှိတော့ကြောင်း တာဝန်ရှိသူက ဆက်လက်ပြောသည်။

ထို့အပြင် ယခုနှစ်တွင် ထောက်ပံ့ဖို့ ငွေအမြောက်အများရရှိနိုင်အောင် စည်စည်ကားကားပြုလုပ်သွားမည်ဖြစ်ပြီး အပျော်ကြီးသပ်သပ်မဟုတ်ပဲ ထောက်ပို့မှု ၊ တော်လှန်မှုများပါ ပါဝင်မည်ဟုလည်း ဆိုသည်။

"သင်္ကြန်ပွဲ မကျင်းပတာ ၃နှစ်ရှိပါပြီ။ ပထမတစ်နှစ်က ကိုဗစ်ရောဂါတွေကြောင့်နဲ့ နှစ်နှစ်ကတော့ နိုင်ငံ အာဏာသိမ်းထားတာကြောင့်ပါ။  ဒါပေမယ့် ရေပက်တဲ့ ပျော်ပွဲရွင်ပွဲ သင်္ကြန်ပွဲကို မကျင်းပပေမယ့် မနှစ်ကတော့ တော်လှန်သင်္ကြန်ပွဲ ကျင်းပဖြစ်ပါတယ်။ တော်လှန်သင်္ကြန်ဆိုပေမယ့် သင်္ကြန်ပြယုတ်တောင် မပါ ပါဘူး။ ယိမ်းဆိုရင်လဲ ယိမ်းတစ်မျိုးပဲ ပါပါတယ် ။သင်္ကြန်ရဲ့ သရုပ်တောင် သိပ်မပါပဲ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒါပေမယ် ဒီနှစ်မှာတော့ စည်စည်ကားကားလေးနဲ့ ထောက်ပံ့ဖို့ ငွေအမြောက်အများ ရနိုင်တဲ့ အနေအထားမျိူးရအောင် ကြိုးစားချင်တဲ့အတွက် ဒီနှစ်ကိုတော့ နည်းနည်း စည်စည်ကားကားလေးနဲ့ အပျော်ကြီးပဲမဟုတ်ပဲ ထောက်ပို့မှုတွေ ပါမယ် တော်လှန်မှုတွေ ပါမယ် အဲ့ဒီပုံစံမျိုးနဲ့ သင်္ကြန်ပွဲကို ကျင်းပရတာ ဖြစ်ပါတယ်”ဟု သင်္ကြန်ပွဲကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး  မြန်မာ့လူထု ကူညီထောက်ပံ့ရေးအသင်းမှ တာဝန်ရှိသူက ယခုလို ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required