ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှ ဟားခါးမြို့နယ်သို့ ရိက္ခာဖြည့်တင်းရန်ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ချင်းပူးပေါင်းမဟာမိတ်တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)ထံမှ သိရသည်။
မတ်လ ၂၅ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ဖလမ်းမြို့နယ် ရာလ်သီးကျေးရွာနှင့် ထာလန်ရောရ်ကျေး ရွာအကြား၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
“ယာဉ်တန်းရဲ့ ရှေ့ပြေးအဖွဲ့ကို မိုင်းဆွဲခဲ့တာ လေးယောက်သေပါတယ်” ဟု CNDF ပြောရေးဆိုခွင့်ရှိသူ Salai Cung Ngai က ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို CNDF နှင့် ချင်းအမျိုးသားတပ်မတော်(CAN) မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ယခုတိုက်ခိုက်ခံရသည့် ယာဉ်တန်းသည် မတ်လ ၉ ရက်နေ့က ကလေးမြို့မှ သံချပ်ကားနှစ်စီး၊ မြေကော် စက်တစ်စီးနှင့် ကုန်တင်ယာဉ် ၃၀ စီး ၊ အင်အား ၂၀၀ ဝန်းကျင်ဖြင့် ချင်းပြည်နယ်သို့တက်လာခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် မတ်လ ၁၉ ရက်နေ့တွင် ဖလမ်းမြို့သို့ ရောက်ရှိရပ်နားခဲ့ပြီး မတ်လ ၂၁ ရက်နေ့တွင် ဟားခါးမြို့သို့ ဆက်လက်ထွက်ခွာလာရာတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့များက လမ်းတလျှောက်၌ မိုင်း ဆွဲတိုက်ခိုက်နေခြင်းဖြစ်သည်။
ယနေ့ မတ်လ ၂၆ ရက်တွင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ထာလန်ရောရ်ကျေးရွာတွင် ရပ်နားနေ ပြီး ဟားခါးမြို့သို့ရောက်ရန် မိုင် ၃၀ ခန့်လိုသေးပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။
မတ်လ ၂၂ ရက်နေ့ကလည်း ဖလမ်းမြို့မှထွက်ခွာလာသည့် အဆိုပါယာဉ်တန်းကို ချင်းပူးပေါင်းတပ်ဖွဲ့များ က ပြောက်ကျားနည်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးခဲ့ကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ