သမ္မတသစ်ကို ဂုဏ်ပြုကာ အလုပ်လက်မဲ့လူငယ်များကို ပန်းတိမ်ပညာသင်ပေးမည်

သမ္မတသစ်ကို ဂုဏ်ပြုကာ အလုပ်လက်မဲ့လူငယ်များကို ပန်းတိမ်ပညာသင်ပေးမည်

ရန်ကုန်၊ မတ်လ ၂၁ ။ ။ ဧပြီ ၁ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရတာဝန် ထမ်းဆောင်ရတော့မည်ဖြစ်ပြီး NLD ကတင်သည့် ဦးထင်ကျော် သမ္မတ ဖြစ်လာသည်ကို ဂုဏ်ပြုသည့်အနေဖြင့် အလုပ်ကိုင်အခွင့်အလမ်းနည်းပါးသည့် လူငယ်များကို ပန်းတိမ်ပညာကို အခမဲ့သင်တန်းပို့ချပေးမည် ဟု ပန်းတိမ် လုပ်ငန်းလုပ်ကိုင်နေသူ ကိုသင်္ခက မဇ္ဈိမကိုပြောသည်။

“အစိုးရဟောင်းတုန်းက ပညာရေး နိမ့်ပါးတယ်။ အလုပ်အကိုင်ဆိုလည်း ကောင်းကောင်းမပေးနိုင်ခဲ့ဘူး၊ အသက် ၂၇- ၂၈ အထိ အလုပ်လုပ်ဖို့ အခွင့်လမ်းနည်းတဲ့ လူငယ်တွေများတယ် သူတို့ကို အပြင်မှာကိုယ်ဘာသာ အလုပ်လုပ်စားနိုင်ဖို့ အတွက် ရည်ရွယ်ထားသည်”ဟု ၎င်းကပြောသည်။

လက်ရှိတွင် လူငယ်အများစုသည့် ပညာအရည်အချင်း နိမ့်ပါးသူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်း လက်လှမ်းမမှီသည့်  လူငယ်များကို  အဓိက ရည်ရွယ်ထားသည်”ဟု ၎င်းကပြောသည်။

သင်တန်းကို ဧပြီလ နောက်ဆုံးအပတ်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။ လူငယ်အယောက် ၂၀ကို စတင်လက်ခံသွားမည် ဖြစ်သည်။ယခုသင်တန်းသို့  တက်ရောက်လိုသူလူငယ်များအနေဖြင့် မြောက်ဥက္ကလာ (၂) ရပ်ကွက် အမေ မေတ္တာပညာကျောင်းတွင် အခမဲ့သင်ကြားပေးမည်ဖြစ်ရာ စတင်၍ စာရင်းပေးသွင်းနိုင်ပြီးဖြစ်သည်ဟု ၎င်းကပြောသည်။

လက်ရှိတွင် ပညာရေးကွန်ယက်ကျောင်းများအနေဖြင့်NLD  အစိုးရသစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲမှုကို စတင်တော့မည်ဖြစ်ရာ  ကွန်ယက်အများစုသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ပြောင်းလဲသင့်ပေးရန် စီစဉ်ထားမှုများရှိသည်ဟု မြောက်ဥက္ကလာ (၂)ရပ်ကွက် အမေမေတ္တာ အခမဲ့ပညာရေးကျောင်းမှ ကျောင်းတာဝန်ခံ မသီတာက မဇ္ဈိမကိုပြောသည်။

“၂၀၁၆ အမေစု လက်ထက်တွင် ပညာရေးစနစ်အနေနဲ့ ကျောင်းတွေကို ခေတ်မှီဖွံ့ဖြိုးဖို့ကို ဦးစားပေးလုပ်သွားမယ် ပညာရေးကွန်ယက်တွေ အစည်းအဝေးမှာ ဆွေးနွေးထားတယ်၊ ကျွန်မတို့က် အသက်မွေးဝမ်းကျောင်း ပညာတွေကို ဆက်လက်သင်ပေးဖို့ စီစဉ်ထားပါတယ်” ဟု၎င်းကပြောသည်။

သင်တန်းတွင် ရွှေရည်စိမ်၊ ငွေရည်စိမ်ခြင်း ပန်တိမ်ပညာ အခြေခံကို သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းကာလကို  ၂လတာခန့်ကြာမြင့်မည်ဖြစ်သည်။ တက်ရောက်လိုသူများဖြင့် ဆက်သွယ်ရန်အတွက် ၀၉၂၆၁၅၆၁၈၇၅ ၊၀၉၇၉၉၅၃၃၂၉၃ သို့ ဆက်သွယ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required