အယ်လ်နီညို အပူဒဏ်ကာကွယ်နိုင်ရန် နွားများကို အပူဒဏ်ကာကွယ်ဆေး ထိုးပေးနေရ

အယ်လ်နီညို အပူဒဏ်ကာကွယ်နိုင်ရန် နွားများကို အပူဒဏ်ကာကွယ်ဆေး ထိုးပေးနေရ

မကွေး၊ မတ်လ ၂၁ ။ ။ လယ်ယာလုပ်ငန်းခွင်သုံး နွားများအား အယ်လ်နီညိုအပူဒဏ်ကာကွယ်နိုင်ရန်အတွက် မကွေးမြို့နယ်အတွင်း ကျေးရွာများတွင် အပူဒဏ်ကာကွယ်ဆေးများ ထိုးပေးနေရပြီး၊ ယခုအခြေအနေထက် အပူဒဏ်လွန်ကဲလာပါက နွားများကို ပြောင်းရွှေ့နိုင်ရန် အတွက်လည်း စီစဉ်နေရကြောင်း မကွေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနမှ သိရသည်။

၂၀၁၆ ခုနှစ်၏ အပူအားပြင်းသော အယ်လ်နီညိုရာသီဥတုဖြစ်ပြီး မကွေးတိုင်းသည်လည်း အယ်လ်နီညို သက်ရောက်မှု မြင့်မားသည့်ထဲတွင် ပါဝင်နေ၍ အယ်လ်နီညိုသက်ရောက်မှုအား ခံနိုင်ရေရှိရန် ကြိုတင်ပြင်ဆင်နေရသည်။ ကြိုတင်ပြင်ဆင်မှုများအနက် လယ်ယာလုပ်ငန်းခွင်သုံး နွားများအား အပူဒဏ်ကာကွယ်ဆေးထိုးပေးခြင်းမှာ အလွန်အရေးကြီးပြီး ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု မကွေးမြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးက ပြောသည်။

"အပူအားပြင်းရင် ခံနိုင်ရည်ရှိတဲ့ အပူချိန်ထက်ကျော်လွန်ရင် နွားတွေက ခွါနာ၊ လျှာနာရောဂါနဲ့ အရေပြားမှာ အပူလောင်တာတွေ ဖြစ်နိုင်တယ်။ အပူဒဏ်ပြင်းခဲ့ပြီး မိုးဦးကျမှာထွက်တတ်တဲ့ မြက်နုတွေကို နွားတွေစားသုံးရင် ဗိုက်ကယ်ပြီး နွားတွေသေတဲ့အထိ ဖြစ်နိုင်တယ်။ အခုအပူချိန်အဆင့်မှာ နွားတွေအတွက် ခွာနာ၊ လျှာနာဖြစ်တတ်တဲ့အတွက် ခွာနာ၊လျှာနာကာကွယ်ဆေးတွေလည်း ထိုးပေးနေတယ်။" ဟု ဦးစောထွန်းဦးက ပြောသည်။

နွားများကိုအပူဒဏ်ကာကွယ်ဆေးထိုးခြင်း အစီအစဉ်အား မကွေးမြို့နယ်အတွင်း ကျေးရွာပေါင်း ထက်ဝက်ခန့် ဆောင်ရွက်နေပြီး ကျန်ကျေးရွာများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယခုထက်အပူချိန်ပြင်းထန် လာပါက နွားများကို မြစ်ကမ်းနဘေးရှိကျေးရွာများသို့ ရွှေ့ပြောင်းနိုင်ရန်အတွက် စီစဉ်ထားသည်ဟု သိရသည်။ နွားများရွှေ့ပြောင်းမည့် ကျေးရွာများကိုလည်း တိမွေးကု၏ ထောက်ခံချက်များ ယူ၍ ပြောင်းရွှေ့နိုင်ကြောင်း နှင့် တောင်သူများကိုလည်း အသိပေးထားကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required