​​​​​​​ကွီလုံးတိုင် ခံစစ်စခန်းကို စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံး

By သွင်ထူးဈာန် (မဇ္ဈိမ)
24 March 2023
​​​​​​​ကွီလုံးတိုင် ခံစစ်စခန်းကို စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံး

 ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ကလေး ကျေးရွာအုပ်စု ကွီလုံးတိုင်ရွာသစ်အနီးတွင် အင်အား ၈၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၀ ဦး သေဆုံးသွားကြောင်း ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့က ပြောသည်။

တိုက်ခိုက်ခံရသော စစ်ကြောင်းသည် စကခ (၁၃)  လက်အောက်ခံ ခမရ ၅၆၁၊ ခမရ (၄၃၂) ပူးပေါင်းထားသော စစ်ကြောင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော နဂါးနီစစ်ကြောင်း၊ S.O. F၊ KNLA ပူးပေါင်းတပ်ဖွဲ့တို့က မတ်လ ၁၆ နေ့ မွန်းလွဲ ၁ နာရီခန့်တွင် တိုက်ခိုက်ခဲ့သည်။

ကြာချိန် ၂ နာရီခန့်ရှိသော ယင်းနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ခြောက်ဦးသေဆုံးကာ ကိုးဦး ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့မှလည်း လေးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“သူတို့က ဆင်းလာတာ ပထမ ၁၆ ရက်နေ့တိုက်ပွဲဆိုတာ သူတို့ဆင်းလာတုန်းက ဖြစ်တာ၊ စခန်းထဲကိုတော့ သူတို့ရောက်သွားတယ်”ဟု နဂါးနီစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ကိုဟိန်းက ပြောသည်။ 

ယင်းနောက် မတ်လ ၁၉ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ကွီလုံးတိုင်ကျေးရွာ အတွင်းသို့ ဝင်ရောက်ကာ နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဆန်အိတ်၂၀ ကိုလည်း အဓမ္မယူဆောင်သွားသည်ဟု သိရသည်။

ထို့ပြင် ထီးသဘျူဖိုးခီး ကျေးရွာအတွင်းရှိ ဈေးဆိုင်သုံးဆိုင်မှ ငွေကျပ် သိန်း ၃၀ ခန့် တန်ဖိုးရှိသော ပစ္စည်းများကို စစ်ကောင်စီတပ်မှ မွှေနှောက်ကာ ယူဆောင် သွားကြောင်းလည်း ဒေသခံများက ဆိုသည်။ 

“သူတို့ ခံစစ်စခန်းရှိတယ်၊ အဲ့စခန်းက လူအင်အားလဲ နည်းနေပြီ၊ ကျနော်တို့က စနိုက်ပါနဲ့ ပစ်ထားတော့ အဲ့အပေါ်မှာ လူနာတွေလဲရှိတယ်၊ စခန်းကိုလဲ ရိတ်က္ခာဖြတ်ထားတာ” ဟု  နဂါးနီစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ကိုဟိန်းက ပြောသည်။ 

ယင်းစစ်ကြောင်းကို မတ်လ၂၁ ရက်နေ့တွင်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တောင်ကလေးကျေးရွာ အနီးတွင် နံနက် ၅ နာရီမှ စတင်ကာ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

"လူနာတွေပြန်သယ်တာ၊ ပြန်သယ်ပြီးတော့ အပြန်မှာ ကျနော်တို့က ပြန်တိုက်တာ" ဟု  နဂါးနီစစ်ကြောင်းက ပြောသည်။

ဝိုင်းဝန်းတိုက်ခိုက်နေစဉ် စစ်ကောင်စီဘက်မှ အထိနာသဖြင့် တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်၊ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဥ်ဖြင့် သုံးကြိမ်၊ လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့ကြောင်း ပူပေါင်းတပ်ဖွဲ့က ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေး အဆောက်အဦးအချို့ ပျက်စီးခဲ့ကာ နံနက်၅ နာရီမှ ညနေ ၆ နာရီအထိ တစ်နေ့လုံးနီးပါး တိုက်ပွဲပြင်းထန်ခဲ့ သည်။

ယင်းတစ်နေ့လုံးနီးပါး ပြင်းထန်ခဲ့သော တိုက်ပွဲတွင် MA 1 တစ်လက် လက်၊ MA2 စက်ကလေး တစ်လက် သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်မှ လေးဦးသေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့က ဆိုသည်။  

အဆိုပါ ဖြစ်ပွားခဲ့သော မတ်လ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦး သေဆုံးကာ ၁၉ ဦး ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။

စာတည်း။   ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required